နေ့စဉ်ဘဝတွေကို လျှပ်တပြက်အနေအထားနဲ့ ပြတ်ပြတ်သားသား ဖမ်းယူရိုက်ကူးနိုင်ဖို့ဟာ Street Photography မှာ အခက်အခဲဆုံးအရာတွေထဲက တစ်ခုဖြစ်ပြီး၊ ကျွမ်းကျင်ပိုင်နိုင်ဖို့ အလိုအပ်ဆုံးတစ်ခုလည်း ဖြစ်ပါတယ်။ နေ့စဉ်ဘဝဟာ မြန်မြန်ဆန်ဆန် ရွေ့လျားနေပြီး ခန့်မှန်းလို့လည်း မရပါဘူး။ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ဘယ်အချိန်မဆို ဖြစ်သွားနိုင်ပါတယ်။ ဓာတ်ပုံရဲ့ အခြားသော အမျိုးအစားတွေမှာ ပုံတိုင်းကို သေသေချာချာရိုက်နိုင်ဖို့အတွက် လွတ်လွတ်လပ်လပ်နဲ့ အချိန်ရပါတယ်။ လျှပ်တပြက်ဘဝမှာတော့ မရပါဘူး။ သေသေချာချာရိုက်ဖို့ အချိန်မပေးတဲ့အတွက် ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။
ဖြတ်ကနဲဖြစ်သွားတဲ့အခိုက်အတန့်မှာ နေ့စဉ်ဘဝကို ပြတ်ပြတ်သားသား လွယ်လွယ်ကူကူ ဖမ်းယူနိုင်ဖို့ ဘယ်လိုလုပ်နိုင်ပါသလဲ။ ပုံတစ်ပုံ မဖမ်းယူခင် ကင်မရာက ဖိုးကပ်စ် ဖမ်းရတဲ့အဖြစ်ကို ဖယ်ထုတ်လိုက်ဖို့ပါပဲ။ အဲသလို ဘယ်လိုလုပ်ရမလဲ။ ဘယ်လို Zone Focus လုပ်ရမလဲဆိုတာ သင်ယူဖို့ပါပဲ။
တစ်ကိုယ်ရည်အမြင်အရတော့ ဘယ်လို Zone Focus လုပ်ရမလဲဆိုတာ Street Photography မှာ အလွန်အရေးပါတဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော် Street Photography ရိုက်တဲ့အခါ ဒီနည်းလမ်းကို ၉၀% အသုံးပြုပါတယ်။

အခြားသော ဆောင်းပါးများမှာလည်း Zone Focus လုပ်တဲ့အကြောင်း ရေးခဲ့ဖူးပြီး စာဖတ်သူများဆီက မေးခွန်းတွေ ကြားရလေ့ရှိပါတယ်။ အပေါ်ယံကိုပဲ ခပ်မြန်မြန်ဖတ်ရင် တကယ်ထက်ပို ရှုပ်ထွေးသယောင်ထင်ရပါတယ်။ ဒါကြောင့် Zone Focus လုပ်တာနဲ့ပတ်သက်လို့ အသေးစိတ်ရေးချင်မိပါတယ်။ ဘယ်လိုလုပ်ရတယ်၊ ဘာကြောင့်လုပ်ရတယ်နဲ့ Zone Focus လုပ်တယ်ဆိုတာ ဘာလဲဆိုတာတွေ ပါဝင်ပါမယ်။ ဒီဆောင်းပါးက စာဖတ်သူတွေရဲ့ မေးခွန်းအားလုံးကို ဖြေဆိုရာရောက်မယ်လို့ မျှော်လင့်ပါတယ်။ မဖြေဆိုနိုင်ခဲ့ဘူးဆိုရင်လည်း comment နဲ့ ဝင်ရောက် မေးမြန်းနိုင်ပါတယ်။
ဟိုအရင်ခေတ်ကလို Zone Focus လုပ်ခြင်း
Zone Focus လုပ်တာကို Scale Focus လုပ်တယ်လို့လည်း ခေါ်ကြပါတယ်။ အော်တို ဖိုးကပ်စ် ဆိုတဲ့ လုပ်ဆောင်ချက် ကင်မရာတွေမှာ မပါဝင်သေးခင်အချိန်က စတင်ခဲ့ပါတယ်။ ၁၉၄၀ နဲ့ ၁၉၅၀ နှစ်ကာလတွေမှာ rangefinder ကင်မရာမရှိရင် zone focus က ရိုက်ကူးဖို့ နည်းလမ်းပဲဖြစ်ပါတယ်။ တကယ်လို့ rangefinder ကင်မရာရှိခဲ့ရင်တောင်မှ zone focus ဟာ Streetဓာတ်ပုံသမားအများစုအတွက် နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။
အသေးစိတ်ဆက်မသွားခင် Zone Focus လုပ်တယ်ဆိုတာ ပြတ်သားမှုများများရဖို့ Aperture F နံပါတ် မြင့်မြင့် (f/11နဲ့အထက်)ကို အသုံးပြုပြီး ကင်မရာကို အကွာအဝေးတစ်ခုမှာ ကြိုတင်ပြီး ဖိုးကပ်စ် ဖြတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် မိမိရှေ့မှာရှိတဲ့ အကွာအဝေးအတိုင်းအတာ မည်မျှ ပြတ်သားမှုရှိမယ်ဆိုတဲ့ အကွာအဝေး အပိုင်းအခြားတစ်ခု ရပါတယ်။ ဒါကြောင့် ပုံတစ်ပုံချင်းစီမှာ အော်တို သို့မဟုတ် မိမိဘာသာ ဖိုးကပ်စ် ဖြတ်ရခြင်းကို ပြုလုပ်ဖို့ မလိုအပ်တော့ပါဘူး။
ဘာကြောင့် Zone Focus လုပ်ရသလဲ
ယနေ့အချိန်မှာ ရှိတဲ့နည်းပညာနဲ့ဆိုရင် Zone Focus လို ခေတ်ဟောင်းနည်းလမ်းကို ဘာကြောင့် ရွေးချယ်သင့်သလဲ။ အဆင့်မြင့် အော်တိုဖိုးကပ်စ် စနစ်တွေက အလုပ်တွေအကုန် လုပ်ပေးနိုင်နေပြီလေ။ တကယ်တော့ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ အထူးသဖြင့် Street ဓာတ်ပုံသမားတွေရယ်၊ နေ့စဉ်ဘဝရဲ့ အထိန်းအချုပ်မရှိတဲ့ အကြောင်းအရာတွေကို ရိုက်တဲ့သူတွေအတွက်ပေါ့။
Zone Focus လုပ်သင့်ကြောင်း အကြောင်းပြချက် ၅ခု
၁။ အော်တိုက သိပ်နှေးတယ်
ယနေ့အချိန်မှာ အော်တိုဖိုးကပ်စ် စနစ်တွေဟာ အရင်ကထက် ပိုမိုမြန်ဆန်နေပါပြီ။ ကင်မရာပေါ်မူတည်ပြီး အချို့ဟာ အခြားကင်မရာတွေထက် ပိုမိုမြန်ဆန်ပါတယ်။ ဒါပေမဲ့ နေ့စဉ်ဘဝနဲ့ အထိန်းအချုပ်မရှိတဲ့ အကြောင်းအရာတွေကို ဖမ်းယူရိုက်ကူးတဲ့အခါ လိုအပ်သလောက် မမြန်ဆန်ပါဘူး။ Zone Focus လုပ်တာကို သင်ယူထားရင် ဖြစ်နိုင်သမျှ အမြန်ဆုံး ဖိုးကပ်စ်ရဖို့ ဖြစ်နိုင်ပါတယ်။ ဖိုးကပ်စ်လုပ်ဖို့မလိုဘူး ဆိုတာထက် ပိုမြန်တဲ့အရာ မရှိတော့ပါဘူး။
၂။ ဖမ်းလိုတဲ့ ဖိုးကပ်စ်ရဲ့ အနောက်ဘက်ကို ဖိုးကပ်စ်ဖြတ်ခြင်းနဲ့ ဖိုးကပ်စ် မှားဖြတ်ခြင်း
အော်တိုဖိုးကပ်စ်စနစ် မြန်မြန်အလုပ်လုပ်တောင်မှာ မိမိလိုချင်တဲ့ အကြောင်းအရာကို အမြဲတမ်း ဖိုးကပ်စ်ဖြတ်တာ မဖြစ်နိုင်ပါဘူး။ အော်တိုဖိုးကပ်စ်စနစ်တွေဟာ ၁၀၀% မပြည့်စုံသေးပါဘူး။ ထိန်းချုပ်မထားတဲ့ ရွေ့လျားအကြောင်းအရာတွေကို ဖမ်းယူရိုက်ကူးတဲ့အခါ အော်တိုဖိုးကပ်စ် ဘာလုပ်မယ်ဆိုတာ မသိနိုင်ပါဘူး။ အော်တိုဖိုးကပ်စ်ဟာ အကြောင်းအရာကို မဖမ်းမိဘဲ လွဲနိုင်ပါတယ် သို့မဟုတ် ဖမ်းယူလိုတာမဟုတ်တဲ့ အကြောင်းအရာကို သွားပြီး ဖိုးကပ်စ်ဖြတ်နိုင်ပါတယ်။ အထူးသဖြင့် အကြောင်းအရာဟာ အတော်လှမ်းလှမ်းမှာဆိုရင်ပေါ့။ Street Photography မှာအဖြစ်များတာကတော့ F နံပါတ် မြင့်မြင့်နဲ့ရိုက်တာတောင်မှ ရွေ့နေတဲ့အရာတွေကို မဖမ်းမိဘဲ နောက်ခံ ဘက်ဂရောင်းကို သွားဖမ်းမိတာမျိုးပေါ့။ ဒါက ဖိုးကပ်စ်မမိတဲ့ ဖိုးဂရောင်းကို သိသိသာသာဖြစ်စေပါတယ်။ Zone Focus လုပ်တဲ့အခါ မိမိဖိုးကပ်စ်ဖမ်းယူချင်တဲ့ ဧရိယာကို ချိန်ထားပြီးသား ဖြစ်နေတာပါပဲ။

၃။ အထားအသို ပြန်ချိန်ညှိဖို့ မလိုခြင်း
အော်တိုဖိုးကပ်စ်က လျှပ်စီးလက်သလိုမြန်ပြီး ဘယ်တော့မှ မလွဲဘူးဆိုပါစို့။ အဲလိုဆိုရင်တောင်မှ ဖိုးကပ်စ်ဖြတ်ပြီးတဲ့အခါ ဓာတ်ပုံအထားအသိုကို ပြန်ချိန်ညှိဖို့ လိုကောင်း လိုပါလိမ့်မယ်။ Zone Focus နဲ့ဆိုရင်တော့ အစကတည်းက အထားအသိုကို ချိန်ညှိနိုင်ပါတယ်။
၄။ နေ့စဉ်ဘဝဟာ ရွေ့လျားနေတယ်
နေ့စဉ်ဘဝဟာ မြန်မြန်ဆန်ဆန်ပဲ ရွေ့လျားနေပြီး ဘယ်ကိုသွားမယ်လည်း မပြောဘူး။ ထိန်းချုပ်ထားတာမဟုတ်ဘဲ မြန်မြန်ဆန်ဆန်ရွေ့နေတဲ့အရာတွေကို ဖိုးကပ်စ်မှန်မှန်ဖမ်းနိုင်ဖို့ ပူပန်ရတာဟာ အမြဲတမ်း မလွယ်ကူပါဘူး။ Zone Focus နဲ့ဆိုရင် ပိုပြီးတော့ လွယ်ကူလာပါလိမ့်မယ်။ ဖိုးကပ်စ်ပြတ်တဲ့ ဧရိယာကို သိထားပြီးဖြစ်လို့ ဘယ်အရာ ဘယ်လောက်မြန်မြန် အရေးမကြီးတော့ပါဘူး။ ကြိုတင်သတ်မှတ်ထားတဲ့ အပိုင်းအခြားအထဲမှာ ရှိနေသရွေ့ ဖိုးကပ်စ်ဖမ်းရင် ပြတ်သားနေမှာပါပဲ။
၅။ ဓာတ်ပုံကို အာရုံစိုက်နိုင်ခြင်း
Zone Focus လုပ်ခြင်းရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးက ရိုက်ကွင်းနဲ့ ဓာတ်ပုံပေါ်ကို အပြည့်အဝ အာရုံစိုက်နိုင်ခြင်းပါပဲ။ ဖိုးကပ်စ်ဖြတ်တာအတွက် ပူပန်ဖို့မလိုတော့တဲ့အတွက် ဘေးပတ်ဝန်းကျင်နဲ့အတူပိုရှိလာနိုင်ကာ ဖြစ်လာတာတွေကို တုန့်ပြန်ဖို့ပဲလိုပါတယ်။ မိမိမြင်တာနဲ့ အထားအသိုပြုလုပ်တာတွေကြား ပြတ်တောက်မှု မရှိတော့ပါဘူး။ ပတ်ဝန်းကျင်ကို လေ့လာ၊ အထားအသို ချိန်ညှိ၊ ပုံဖမ်းယူတာတွေကို ချောချောမွေ့မွေ့ပြုလုပ်နိုင်ပါလိမ့်မယ်။
ဥပမာ။ တုန့်ပြန်မှု မြန်ဆန်ခြင်း
ကျနော့်ကို မကြာခဏပြောကြတာက ကျနော် မြန်မြန်ဆန်ဆန် တုန့်ပြန်တတ်တဲ့အကြောင်းပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကျနော် ဓာတ်ပုံရိုက်တဲ့အခါ စိတ်က တွေးဖို့အချိန်မရခင်မှာပဲ မြင်တာနဲ့ အလိုလို ဓာတ်ပုံရိုက်ယူလိုက်ပါတယ်။ ပထမဦးဆုံး ဖိုးကပ်စ်လုပ်ဖို့ တွေးနေရမယ်ဆိုရင် အခိုက်အတန့်လေးကို ဖမ်းယူဖို့ မြန်မြန်ဆန်ဆန် တုန့်ပြန်နိုင်မှု လျော့ကျသွားမှာဖြစ်ပါတယ်။

အပေါ်က အခိုက်အတန့်လေးဟာ တစ်စက္ကန့်ရဲ့ အစိတ်အပိုင်းလေးတစ်ခုမှာ ဖြစ်ခဲ့ပြီး မြင်လိုက်တာနဲ့ ပြီးဆုံးသွားပါတယ်။ ကျနော် လမ်းပေါ်မှာလျှောက်နေရင်း မျက်လုံးရဲ့ထောင့်မှာ ဒီထူးဆန်းတဲ့ အခိုက်အတန့်ကို တွေ့လိုက်တဲ့အခါ ချက်ချင်းပဲ လှည့်ပြီး ခပ်သွက်သွက်တုန့်ပြန်မှုနဲ့ ဖမ်းယူခဲ့ပါတယ်။ Zone Focus မလုပ်ဘဲ ဒီလိုဖမ်းယူဖို့ မဖြစ်နိုင်ပါဘူး။
Zone Focus လုပ်တယ်ဆိုတာကြီးက ဘာလဲ
Zone Focus လုပ်တယ်ဆိုတာ ကင်မရာကို အကွာအဝေးတစ်ခုမှာ ကြိုတင် ဖိုးကပ်စ်လုပ်ထားပြီး ကင်မရာ setting တွေနဲ့ ပေါင်းစပ်လိုက်ရင် အကွာအဝေး အပိုင်းအခြားတစ်ခုရပါတယ်။ အဆိုပါ အကွာအဝေးဧရိယာအတွင်းမှာ ဖိုးကပ်စ်ပြတ်နေမယ်လို့ သိနိုင်တယ်။ ဒါကြောင့် ရိုက်သမျှ မြင်ကွင်းနဲ့ အကြောင်းအရာတွေအတွက် ဖိုးကပ်စ်ဖြတ်ပြီးသား ဖြစ်စေတယ်။ Zone Focus ဟာ ဖိုးကပ်စ်မိတဲ့ အကွာအဝေး အပိုင်းအခြားကို လျှင်မြန်စွာ ပြောင်းလဲလို့လည်း ရနိုင်တယ်။
ဒါဟာ လုပ်ရတာထက် ပိုရှုပ်ထွေးသယောင် ရှိနေပါတယ်။ ဒီ အင်မတန် တန်ဖိုးရှိတဲ့ နည်းစနစ်ကို သေချာနားလည်သဘောပေါက်ဖို့ အသေးစိတ် ရှင်းပြပါမယ်။ အဲဒီနောက် လမ်းပေါ်ထွက်ရိုက်တဲ့အခါ ပြဿနာမရှိဘဲ ခေျာချောမွေ့မွေ့ လုပ်ဆောင်နိုင်ပါလိမ့်မယ်။
ပြတ်သားမှု နယ်နိမိတ် Depth of Field (DOF)
ပထမဦးစွာ နားလည်သဘောပေါက်ဖို့ လိုအပ်တာက ပြတ်သားမှု နယ်နိမိတ် Depth of Field အတိုကောက် DOF ပဲဖြစ်ပါတယ်။ အရာတစ်ခုကို ဖိုးကပ်စ်လုပ်တဲ့အခါ DOF ဆိုတာ ဖိုးကပ်စ်ထားတဲ့အရာရဲ့ အရှေ့နဲ့ အနောက်ဘက်မှာရှိတဲ့ ပြတ်ပြတ်သားသားရှိတဲ့ ဧရိယာပဲ ဖြစ်တယ်။

ကျဉ်းတဲ့ DOF ဆိုတာက ပေါထရိတ်ပုံတွေမှာလို မျက်လုံးက ပြတ်သားတဲ့ ဖိုးကပ်စ်ဖြစ်ပြီး ဘက်ဂရောင်းက ဝါးနေတာမျိုး (bokeh လို့လည်း ခေါ်ကြတယ်) ဖြစ်တယ်။ ကျယ်တဲ့ DOF ကတော့ landscape ပုံလို အရာရာ ပြတ်သားနေတာမျိုး ဖြစ်တယ်။
၃မီတာ အကွာအဝေးက အရာတစ်ခုကို ဖိုးကပ်စ်လုပ်တယ်ဆိုရင် ကင်မရာ setting ပေါ်မူတည်ပြီး ၂မီတာကနေ ၅မီတာအတွင်းမှာ ဖိုးကပ်စ်ပြတ်သားနေလိမ့်မယ်။ ဒါဟာ စုစုပေါင်း DOF ပဲဖြစ်တယ်။ (နောက်ပြီး DOF ဟာ ဖိုးကပ်စ်ဖြတ်တဲ့အရာရဲ့ အရှေ့ထက် အနောက်ဘက်ကို ပိုသွားတယ်ဆိုတာ သတိပြုမိဖို့ လိုပါတယ်။ )
ကြိုတင် ဖိုးကပ်စ်ဖြတ်ခြင်း
ကြိုတင် ဖိုးကပ်စ်ဖြတ်ဖို့အတွက်ဆိုရင် ကင်မရာမှာ အကွာအဝေးတစ်ခုကို ဖိုးကပ်စ်လုပ်ပြီး lock လုပ်ထားဖို့ပါပဲ။ ဒါမှမဟုတ် လိုချင်တဲ့အကွာအဝေးကိုသိရင် ကင်မရာရဲ့ lens မှာ မိမိဘာသာ ချိန်လို့ရနိုင်ပါတယ်။

ကြိုတင် ဖိုးကပ်စ်ဖြတ်ခြင်းက အကွာအဝေးဘယ်လောက်မှာ ဖိုးကပ်စ်လိုချင်တယ်ဆိုတာကို သတ်မှတ်ပေမဲ့ ကင်မရာ setting တွေက အဆိုပါအကွာအဝေးကနေ DOF ဘယ်လောက် ဖြန့်ထွက်တယ်ဆိုတာကို သတ်မှတ်ပေးတယ်။
အဝေးကို ကြိုတင် ဖိုးကပ်စ်ဖြတ်လေလေ DOF ပိုကျယ်လေလေဖြစ်ပါတယ်။ ၁မီတာအကွာအဝေးက အကြောင်းအရာကို ဖိုးကပ်စ်ဖြတ်ရင် အကြောင်းအရာရဲ့ အရှေ့ ၀ . ၂ မီတာ နဲ့ အနောက် ၀ . ၃ မီတာ ဖိုးကပ်စ်ပြတ်တဲ့ အကွာအဝေးအပိုင်းအခြားရမှာဖြစ်တယ်။ စုစုပေါင်း DOF က ၀ . ၅ မီတာပေါ့။ ၃မီတာအကွာအဝေးက အကြောင်းအရာကို ဖိုးကပ်စ်ဖြတ်ရင် အရှေ့ ၁ . ၅ မီတာနဲ့ အနောက် ၁၀ မီတာ၊ စုစုပေါင်း DOF ၁၁ . ၅ မီတာ ရပါလိမ့်ယ်။
Setting & Focal Length
ကင်မရာကို ကြိုတင် ဖိုးကပ်စ်ဖြတ်ခြင်းပြီးနောက် Aperture နဲ့ true focal length တို့က DOF ဘယ်လောက်ရှိသလဲ ဆုံးဖြတ်ပေးတယ်။
Aperture သေးလေလေ DOF ကျယ်လေလေပဲဖြစ်တယ်။ Aperture F/1.4 ဟာ အင်မတန်ကျဉ်းတဲ့ DOF ပေးပြီး F/16 ကတော့ မြင်ကွင်းကို ပိုမိုပြတ်သားစေပါတယ်။

True focal length လည်း အတူတူပါပဲ။ Focal length တိုလေလေ DOF ကျယ်လေလေ။ Focal length 200mmက ပိုကျဉ်းတဲ့ DOF ပေးပြီး 24mm ကတော့ DOF ပိုကျယ်ပါတယ်။
“True” Focal Length
“True” focal length လို့ ပြောတာက ဘာကြောင့်လဲဆိုရင် အချို့က ကင်မရာ sensor size ဟာ DOF အပေါ် အကျိုးသက်ရောက်မှု ရှိတယ်လို့မြင်ကြလို့ ဖြစ်ပါတယ်။ အကျိုးသက်ရောက်မှု မရှိပါဘူး။ 50mm lens တစ်လုံးဟာ cropped sensor ပေါ်မှာဆိုရင် 75mm focal length ဖြစ်သွားပေမဲ့ “true” focal length ကတော့ 50mm ပဲ ဖြစ်နေပါသေးတယ်။
Zone Focus အကြောင်းပြောတဲ့အခါမှာ ဒါကိုသတိရဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တူညီတဲ့ focal perspective နဲ့ရိုက်ရင် full frame ကင်မရာဟာ cropped sensor ကင်မရာထက် DOF ကျဉ်းပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ “ true” focal lengthတွေဟာ မတူညီကြလို့ပါ။ ဒါကြောင့် DOF နဲ့ပတ်သက်ရင် lens ပေါ်က “true” focal length ကို ကြည့်ပါ။ ကင်မရာကပေးတဲ့ focal perspective ကို မကြည့်ပါနဲ့။

တွက်ချက်ခြင်း
ဖော်ပြခဲ့တဲ့ အချက်တွေ အတူတူဘယ်လိုအလုပ်လုပ်သလဲကို အောက်က အသုံးဝင်တဲ့ DOF calculator မှာ စမ်းသပ်ကြည့်လို့ရပါတယ်။
ဖုန်းမှာသုံးလို့ရတဲ့ အခမဲ့ DOF calculator app တွေလည်း အများကြီး ရှိပါတယ်။
Depth of Field Scale
Zone Focus လုပ်တာမှာ မလိုအပ်ပေမဲ့ lens မှာ အောက်ပါပုံအတိုင်း စကေးအတိုင်းအတာပါရှိရင် အထောက်အကူပိုဖြစ်စေပါတယ်။

အလယ်မှာရှိတဲ့ မျဉ်းကြောင်းပေါ်ကျအောင် လှည့်တဲ့ အကွာအဝေးဟာ ကြိုတင် ဖိုးကပ်စ်ဖြတ်တဲ့ အကွာအဝေးပဲဖြစ်တယ်။ အဲဒီနောက် အလယ်မျဉ်းရဲ့ ဘေးနှစ်ဘက်က သက်ဆိုင်ရာ Aperture နံပါတ်နဲ့ ချိတ်ဆက်နေတဲ့ မျဉ်းကြောင်းတွေကို ကြည့်နိုင်ပါတယ်။ Aperture မျဉ်းကြောင်းတွေက ပြနေတဲ့အမှတ်ဟာ ကြိုတင် ဖိုးကပ်စ်ဖြတ်ထားတဲ့ အကွာအဝေးမှာရှိတဲ့ DOF အကွာအဝေးအပိုင်းအခြားပဲ ဖြစ်တယ်။ ဒါဟာ ကြိုတင် ဖိုးကပ်စ် အကွာအဝေးနဲ့ DOF အပိုင်းအခြားကို လျှက်တပြက်ပြောင်းလဲရာမှာ အသုံးဝင်ပါတယ်။
အကွာအဝေး ခန့်မှန်းခြင်း
Setting ကိုကြိုတင်သတ်မှတ်ခြင်းနဲ့ DOF ကို သိပြီးနောက် ဖိုးကပ်စ်ပြတ်မဲ့ ဧရိယာအကွာအဝေးကို ဘယ်လို ခန့်မှန်းမလဲ။ မြင့်တဲ့ f-stop ကို ရွေးရင် ပိုလွယ်ကူစေပါတယ်။ ဒါပေမဲ့ အလေ့အကျင့်ပဲ အဓိကလိုအပ်ပါတယ်။ မိမိရှေ့မှာရှိတဲ့ အကွာအဝေးကို ခြေလှမ်းနဲ့ တိုင်းတာနိုင်ပြီး အဆိုပါဧရိယာကို ကြည့်ပြီး ဘယ်လိုပုံပေါ်မလဲကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် ကင်မရာ သို့မဟုတ် lens က ဖိုးကပ်စ် အကွာအဝေးတန်ဖိုးကို ပြနိုင်ရင် အဆိုပါတန်ဖိုးကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။ အဲဒီနောက်မှာတော့ ဓာတ်ပုံတွေရိုက်ရင်း ထွက်လာတဲ့ ရလာဒ်ပေါ်မူတည်ပြီး မိမိရဲ့ ခန့်မှန်းနိုင်မှုကို ချိန်ဆနိုင်ပါလိမ့်မယ်။ အလေ့အကျင့်ရှိလာတာနဲ့အမျှ လွယ်ကူလာပါလိမ့်မယ်။ မြင့်တဲ့ f-stop နဲ့ဆို အတိအကျကြီး ခန့်မှန်းနိုင်ဖို့လည်း မလိုအပ်ပါဘူး။
ကျနော်သုံးနေကျ setting များ
Zone Focus လုပ်တာအတွက် သုံးရမဲ့ setting ရယ်လို့ သတ်မှတ်ထားတာမရှိပါဘူး။ မိမိနှစ်သက်ရာ shutter speed, aperture, ISO တွေ ရှိပါလိမ့်မယ်။ ထို့အတူ ရတဲ့ အလင်းရောင်ဟာလည်း အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့် Zone Focus လုပ်ဖို့အတွက် မြင့်တဲ့ f-stop လိုအပ်ပါလိမ့်မယ်။ အခြား setting တွေကတော့ exposure မှန်ဖို့နဲ့ မိမိနှစ်သက်ရာ settingအတွက်ပဲ အရေးပါပါတယ်။
အောက်ပါ setting တွေကတော့ Zone Focus လုပ်ရာမှာ ကျနော် ပုံမှန် နဲ့ အများဆုံး အသုံးပြုတဲ့ setting တွေပါပဲ (exposure မှန်ဖို့အတွက် ISO အပိုင်းအခြားလည်း ပါဝင်ပါတယ်)။
- Aperture: f/11
- Shutter Speed: 1/500th
- ISO: 400-1600
- 28mm or 35mm lens (full frame equivalents)
f/11 ဟာ လုံလောက်တဲ့ ဖိုးကပ်စ်အကွာအဝေးပေးတယ်လို့ တွေ့ရပါတယ်။ အထူးသဖြင့် mirror-less ကင်မရာတွေမှာပေါ့။ Full frame ကင်မရာနဲ့ ရိုက်မယ်ဆိုရင်တော့ တစ်ခါတစ်ရံမှာ အလင်းလုံလုံလောက်လောက် ရှိတယ်ဆိုရင် f/16 အထိ ထားပါတယ်။

Hyperfocal Distance
Zone Focus နဲ့ပတ်သက်လို့ ဒီစကားလုံးကို တစ်ခါတစ်လေမှာ ကြားရ၊ ဖတ်ရပါလိမ့်မယ်။ ဒါဟာ Zone Focus လုပ်တာနဲ့ မတူပေမဲ့ နီးနီးကပ်ကပ် ဆက်နွယ်မှု ရှိပါတယ်။ ဒါကြောင့် ဒီမှာ ရှင်းပြထားပါတယ်။
Hyperfocal distance ဆိုတာက ကြိုတင်ဖိုးကပ်စ်ဖြတ်တဲ့ အကွာအဝေးရဲ့ နောက်က အကွာအဝေးအားလုံး (မိုးကုပ်စက်ဝိုင်းအထိ) ဖိုးကပ်စ်ပြတ်တဲ့ အကွာအဝေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် Zone Focus လုပ်ရာမှာ ရတဲ့ သတ်မှတ်ထားတဲ့ ဖိုးကပ်စ်မိတဲ့ အကွာအဝေးထက် Hyper Focus လုပ်တာက အမှတ်တစ်နေရာကနေ အနောက်ဘက်အဆုံးမရှိ ဖိုးကပ်စ်ပြတ်တဲ့ ဧရိယာကို ပေးပါလိမ့်မယ်။ Zone Focus မှာ ဖိုးကပ်စ်ပြတ်တဲ့ ဧရိယာကို ကင်မရာရဲ့ အနီးနားကနေ စတင်နိုင်တဲ့အတွက် Zone Focus လုပ်တာက ပိုအဖိုးတန်တယ်လို့ ထင်ပါတယ်။ ကင်မရာရဲ့ အနီးနားမှာ ဖိုးကပ်စ်ဖြတ်နိုင်တာ Street Photography မှာ အချိန်တော်တော်များများ လိုအပ်ပါတယ်။ Hyperfocal အကွာအဝေးကို သိထားဖို့တော့ လိုအပ်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ lens နဲ့ setting တွေက ကင်မရာ အနီးကနေစပြီး hyperfocal အကွာအဝေးကိုသုံးခွင့်ပြုရင် ဖိုးကပ်စ်ဖြတ်ဖို့ အကွာအဝေး ခန့်မှန်းဖို့ မလိုတော့လို့ပါပဲ။ မိုးကုပ်စက်ဝိုင်းအထိ ဖိုးကပ်စ် ပြတ်နေပါလိမ့်မယ်။
ဇုန်ထဲဝင်ပြီး ထိန်းချုပ်ပါ
ကျနော် Street Photography အတွက် အချိန်ရဲ့ ၉၀% လောက်အထိ Zone Focus ကို အသုံးပြုပါတယ်။ အဲသလောက် အသုံးဝင်တယ်လို့ ကျနော် တွေ့ရှိရပါတယ်။ Street Photography နဲ့ ပတ်သက်လာရင် ထိန်းချုပ်မရနိုင်တဲ့ ကမ္ဘာကြီးမှာ လုံးဝထိန်းချုပ်ရတာကို ကျနော် သဘောကျတယ်။ Zone Focus က ထိန်းချုပ်မထားတဲ့ ကမ္ဘာကြီးကို ဘယ်လိုနဲ့ ဘာကို ဖမ်းယူရိုက်ကူးမလဲဆိုတာမှာ ပိုထိန်းချုပ်လို့ရအောင် ကူညီပေးတယ်လို့ ကျနော်တွေ့ရတယ်။
ရိုက်ကွက်တစ်ကွက် လွတ်သွားခဲ့ရင် သို့မဟုတ် ကျနော် စီစဉ်ထားသလို ထွက်မလာခဲ့ရင် အဲဒါဟာ ကျနော့်အမှား ၁၀၀% ဖြစ်စေချင်တယ်။ ကျနော့်ကင်မရာထက် ကျနော့်ကိုယ်ကျနော်သာ အပြစ်တင်ချင်ပါတယ်။ Zone Focus က အဲဒီတာဝန်ယူမှုကို ကျနော့်အပေါ် ထပ်ပံ့ပိုးပေးတယ်။

Street ဓာတ်ပုံသမားတွေဟာ လမ်းနဲ့ ပတ်ဝန်ကျင်တို့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့ ပြောကြတာရှိပါတယ်။ ကင်မရာဟာ သီးသန့်ကိရိယာတစ်ခုအဖြစ်ကနေ မိမိရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်လာတာက အဲသလိုဖြစ်ဖို့ ပိုနီးစပ်စေပါတယ်။ Zone Focus လုပ်တာက ကင်မရာကို သင့်ရဲ့ အစိတ်အပိုင်းဖြစ်လာဖို့ရာ ကူညီပေးတယ်လို့ ကျနော်မြင်ပါတယ်။
ဒါကြောင့် Street ဓာတ်ပုံသမားတွေနဲ့ ထန်းချုပ်မရနိုင်တဲ့ နေ့စဉ်ဘဝရဲ့ ဓာတ်ပုံသမားတွေကို Zone Focus နည်း စပ်းသပ်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ အလေ့အကျင့်လိုအပ်တဲ့အတွက် အလွယ်တကူ လက်မလျော့ပါနဲ့။ အလေ့အကျင့်ရှိသွားရင် ဒီနည်းလမ်းကို နှစ်သက်သဘောကျဖို့ အခွင့်အလမ်း တော်တော်များပါတယ်။
ဘာသာပြန် – THT