Street Photography ရဲ့ သမိုင်း – အပိုင်း (၃)
Articles
ဂ) Street Photography မှာ မတူညီတဲ့ ကင်မရာ၊ မှန်ဘီလူး၊ နည်းလမ်းများ အသုံးပြုခြင်း
၁။ မတူညီတဲ့ ချဉ်းကပ်နည်းများကို စမ်းသပ်ခြင်း
ဓာတ်ပုံ – Andre Kertesz ။ သူ့ရဲ့ မှန်ဘီလူး မတော်တဆ လွတ်ကျပြီး ကွဲသွားတယ်။ ဒါပေမယ့် ဒီရလာဒ်ကို သူနှစ်သက်သွားတယ်။
Street Photographer တစ်ယောက်အနေနဲ့ တီထွင်ဖန်တီးနိုင်မှုကို ထိမ်းသိမ်းထားနိုင်ဖို့ နည်းလမ်းတစ်ခုကတော့ အမြဲမပြတ် စမ်းသပ်ကြီံဆနေဖို့ပဲ ဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်များက ဓာတ်ပုံသမား Andre Kertesz ဟာဆိုရင် ချဉ်းကပ်ပုံ ချဉ်းကပ်နည်းများကို စမ်းသပ်ရုံမက ကင်မရာ မှန်ဘီလူးများကိုလည်း စမ်းသပ်အသုံးပြုခဲ့ပါတယ်။
အမျိုးမျိုးသော မှန်ဘီလူးတွေနဲ့ စမ်းသပ်ခဲ့တာဟာ အဲ့ဒီအချိန်ကာလက ဖြစ်ပေါ်နေတဲ့ တရားဝင်ပြဿနာတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ ၁၉၂၇ခုနှစ်မှာ Montmartre က အများသုံးလှေကာကို အပေါ်စီးကနေ ငုံကြည့်တဲ့ ရိုက်ကွက်အတွက် သူ့ရဲ့ Voigtlander ကင်မရာ မှန်ဘီလူးက front element ကို ဖယ်ထုတ်ရိုက်ကူးခဲ့ပါတယ်။ ရလာဒ်က telephoto အသုံးပြုပြီးရိုက်သလို မြင်ကွင်းကို ပြန့်သွားစေခဲ့ပါတယ်။ ဒါကြောင့် ပုံက နှစ်ဘက်မြင် မျက်နှာစာအဖြစ် ပုံပေါ်သွားစေတယ်။ ဒီရလာဒ်က သူ့ကို နှစ်သက်မှုဖြစ်စေခဲ့လို့ နောက်ထပ်နည်းအမျိုးမျိုးနဲ့ ထပ်မံ တိုးချဲ့ကြီုးစားပါတယ်။ နောက်ဆုံးမှာ 90mm ကနေ 260mm အကြားက မှန်ဘီလူးတွေကို သီးသန့်မှာယူတဲ့အထိပါပဲ။
အရင်က Kertesz အသုံးပြုခဲ့တဲ့ မှန်ဘီလူးတွေက wide lens တွေဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ သူဟာ ပုံအသစ်တွေကို ဖန်တီးချင်လာတယ်။ ပုံတွေက အမြင်မှာ ပြားကပ်ပြီး ကြီွတက်နေတာမျိုးမဟုတ်တာကို သူလိုချင်ခဲ့တယ်။
ကင်မရာ မှန်ဘီလူးကို ကလိပြီး သူလိုချင်တဲ့ ပုံတွေရိုက်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ အခြားသော မှန်ဘီလူးတွေနဲ့ပါစမ်းသပ်ပြီး အသုံးပြုတဲ့ မှန်ဘီလူးအလိုက် အမြင်ဘယ်လိုပြောင်းသွားသလဲကို စမ်းသပ်ခဲ့တယ်။
Kertesz ရဲ့ ဇာတ်လမ်းကဲ့သို့ ကင်မရာတွေ မှန်ဘီလူးအမျိုးမျိုးတွေကို ဝယ်ပြီး စမ်းသပ်ဖို့တော့ အမြဲမလိုအပ်ပါဘူး။ Kertesz အနေနဲ့ သူဖန်တီးလိုတဲ့ ပုံစံကို သူ့စိတ်ထဲမှာ ရှိခဲ့ပြီး ဒါကို ရရှိဖို့ တစ်ခုတည်းသောနည်းလမ်းက အမျိုးမျိုးသော မှန်ဘီလူးတွေကို အသုံးပြုဖို့ပါပဲ။ ဒါကိုလည်း သူ့ရဲ့ မှန်ဘီလူးကို ကလိရင်းနဲ့ ကံအားလျော်စွာ အကြံရခဲ့တာဖြစ်ပါတယ်။
Street Photography မှာ မတူညီတဲ့ ချဉ်းကပ်နည်းတွေ (candidရိုက်တာ၊ တမင် pose ပေးရိုက်တာ)၊ မတူညီတဲ့ အလင်းအမျိုးအစား (သဘာဝအလင်းရောင်၊ flash)၊ မတူညီတဲ့ ကင်မရာ (ဒီဂျစ်တယ်၊ 35mm ၊ medium-format ၊ large-format) နဲ့ မတူညီတဲ့ processing (အဖြူအမည်း၊ အရောင်) စတာတွေကို စမ်းသပ်ဖို့ အားပေးလိုပါတယ်။ မတူညီတဲ့ project တွေမှာ မတူညီတဲ့ ချဉ်းကပ်နည်းတွေ၊ အိုင်ဒီယာတွေကို ကို စမ်းသပ်ကြည့်ဖို့ အရေးကြီးပါတယ်။
ကိုယ်နဲ့ လိုက်ဖက်တဲ့ ချဉ်းကပ်နည်းတစ်ခုကို ရှာတွေ့ပြီဆိုရင်တော့ ဒါကို လက်ကိုင်ထားပါ၊ ကင်မရာအသစ်တွေ၊ မှန်ဘီလူးအသစ်တွေကို ဝယ်ယူပြီး မိမိလိုချင်တာကို ဖန်တီးတာနဲ့ ပစ္စည်းကိုစုတဲ့အခြေအနေ (Gear Acquisition Syndrome) တို့ဟာ စည်းပါးပါးလေးပဲ ခြားပါတယ်။ သတိပြုဖို့ကတော့ ဘယ်ကင်မရာ ဘယ်မှန်ဘီလူးကမှ သင့်ကို ပိုပြီးတီထွင်ဖန်တီးမှုရှိစေမှာ မဟုတ်တာကိုပါပဲ။ မိမိရဲ့ စိတ်ပြင်းပြမှုနဲ့ တီထွင်စဉ်းစားဉာဏ်တို့ကသာ ပိုမိုဖန်တီးမှုရှိစေမှာပါ။ ကင်မရာ မှန်ဘီလူးတို့က ဒါကို ဖန်တီးနိုင်အောင် အကူအညီပေးရုံပါပဲ။
၂။ Large-format ကင်မရာကို အသုံးပြုခြင်း
ဓာတ္ပံု – Berenice Abbott
ဓာတ်ပုံ – Berenice Abbott
ဖလင်ကင်မရာတွေမှာ 35mm SLR, 35mm rangefinder, medium-format TLR, medium-format rangefinder ကနေ large-format ကင်မရာ စသဖြင့် အမျိုးအစား အမျိုးမျိုးရှိကြပါတယ်။
မတူညီတဲ့ကင်မရာတွေကိုသုံးတဲ့အခါ ချဉ်းကပ်နည်းလမ်းတွေလည်း ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ ကြီးမားလေးလံတဲ့ large-format ကင်မရာနဲ့ လမ်းပေါ်မှာရိုက်ရင် ဘယ်လိုများနေမလဲ။
Berenice Abbott ဟာ New York City ကို large-format ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့တဲ့ ထင်ရှားတဲ့ street photographer တွေထဲကတစ်ယောက် ဖြစ်ပါတယ်။
Large-format ကင်မရာတွေမှာ ကင်မရာနောက်ဘက်နေကြည့်တဲ့အခါ ပုံရိပ်တွေဟာ ပြောင်းပြန်ပေါ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပုံတွေကို ပြောင်းပြန်ကြည့်ပြီး ရိုက်ကူးရပါတယ်။ ဒီလို အတည့်မမြင်ရတဲ့အတွက် subject ကို မေ့ထားပြီး ပုံကို ပိုအလေးထား ဖွဲ့စည်းနိုင်တယ်လို့ Abbott က ရှင်းပြခဲ့ပါတယ်။
ကင်မရာချောင်းကြည့်ပေါက် viewfinder အမျိုးမျိုးရှိတဲ့ မတူညီတဲ့ကင်မရာတွေနဲ့ စမ်းသပ်ရိုက်ကူးကြီည့်ပါ။ ကိုယ်မြင်တဲ့အတိုင်း ပုံကိုရနိုင်တာကတော့ SLR ကင်မရာတွေဖြစ်ပါတယ်။ ရိုက်ကူးနိုင်မယ့်မြင်ကွင်းအပြင် အပိုမြင်ကွင်းကိုပါမြင်ချင်တယ်ဆိုရင်တော့ rangefinder ကင်မရာတွေက ကူညီပေးနိုင်ပါတယ်။ လေးထောင့်ပုံတွေကို ရိုက်ကူးလိုချင်ရင်တော့ TLR ကင်မရာတွေကို အသုံးပြုပြီး ကင်မရာကို ခါးလည်လောက်မှာထားပြီး ရိုက်ကူးနိုင်ပါတယ်။ စမ်းသပ်ချင်တယ်ဆိုရင် large-format ကင်မရာတွေနဲ့လည်း ရိုက်ကူးကြည့်သင့်ပါတယ်။
၃။ Wide-angle lensများ အသုံးပြုခြင်း
ဓာတ္ပံု – William Klein
ဓာတ်ပုံ – William Klein
Street Photography မှာ မတူညီတဲ့ မှန်ဘီလူးတွေကိုလည်း အသုံးပြုကြပါတယ်။ အသုံးများတဲ့ မှန်ဘီလူးတွေကတော့ 28mm, 35mm နဲ့ 50mm တို့ ဖြစ်ကြပါတယ်။
မတူညီတဲ့ focal length ကြောင့် မတူညီတဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်ပါတယ်။ ပိုကျယ်တဲ့ မှန်ဘီလူးကို အသုံးပြုလေ ကြည့်ရတာ ပိုပြီး နီးကပ်မှု ရှိစေပါတယ်။ အဝေးကကြည့်နေတာမျိုးမဟုတ်ဘဲ ကြည့်သူကိုပါ ဓာတ်ပုံထဲရောက်နေသလို ခံစားရစေပါတယ်။
Koudelka ရဲ့ “Gypsies” project ရဲ့ ကောင်းတဲ့အချက်တွေထဲကတစ်ခုကတော့ အလွန်ကျယ်တဲ့ 25mm lens ကို အသုံးပြုခြင်းဖြစ်ပြီး ယင်းက ကြည့်သူကို subject တွေနဲ့ ပိုမိုနီးကပ်စေပါတယ်။
ဓာတ်ပုံမှာ ပုံမှန် မှန်ဘီလူးလို့ဆိုလေ့ရှိတဲ့ 50mm lens ကို အသုံးမပြုသူနောက်တစ်ဦးကတော့ William Klein ဖြစ်ပါတယ်။ သူ့အနေနဲ့ Henri Cartier-Bresson ရဲ့ ပုံတွေကို နှစ်သက်ပေမယ့် သူ့ရဲ့ ရိုက်ကူးပုံနည်းလမ်းကို မနှစ်သက်ပါဘူးလို့ Klein က ပြောခဲ့ပါတယ်။ Cartier-Bresson က 50mm lens ကို street photography မှာ အသုံးပြုတဲ့ မှန်ဘီလူးလို့ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် Klein ကတော့ wide angle lens ကို နှစ်သက်ပါတယ်။ ပိုအရေးကြီးတဲ့အချက်ကတော့ Klein အနေနဲ့ ရိုက်ကူးတဲ့အခါ လူသိမခံတာမျိုးမဟုတ်ဘဲ ကင်မရာကို subject မျက်နှာရှေ့ထိုးပြီး ရိုက်ကူးပါတယ်။
Koudelka ရဲ့ “Gypsies” မှာ 25mm ကို အသုံးပြုတဲ့အတွက် အလွန်နီးကပ်မှုရှိတဲ့ ပုံတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါဟာ Koudelka အနေနဲ့ ရိုက်ကူးခံသူတွေနဲ့ အလွန်တရာ အနီးကပ်ပြီး ရိုက်ကူးရတာကို ဖော်ပြပါတယ်။ ဒီလို နီးနီးကပ်ကပ်ရိုက်ကူးနိုင်ခဲ့လို့လည်း ကောင်းမွန်တဲ့ project တစ်ခုဖြစ်ခဲ့တာပါ။ Klein အနေနဲ့လည်း 21mm ကနေ 28mm အထိရှိတဲ့ wide-angle lens တွေကို အသုံးပြုခဲ့ပါတယ်။ ဒါက သူ့ရဲ့ ကိုယ်ပိုင်စရိုက်နဲ့လည်းကိုက်ညီပြီး သူရိုက်တဲ့ ပြင်းထန်စူးရှတဲ့ ပုံရိပ်တွေနဲ့ ကွက်တိဖြစ်စေပါတယ်။
လူတိုင်းမှာ focal length နဲ့ပတ်သက်လို့ နှစ်သက်မှုကိုယ်စီရှိကြီပါတယ်။ မတူညီတဲ့ focal length တွေကို စမ်းသပ်ပြီး ဘယ် focal length က ကိုယ်နဲ့ သင့်တော်မှုရှိသလဲဆိုတာကို ရှာဖွေပါ။ သင့်တော်တဲ့ focal length ကို တွေ့ပြီဆိုရင် အဲဒါကို စွဲစွဲမြဲမြဲ အသုံးပြုပါ။ ဒါမှ ဖန်တီးလိုတဲ့ပုံအတွက် ဘယ်နေရာကနေ ရိုက်ကူးရမယ်ဆိုတာ အလိုလို သိနားလည်မှာဖြစ်ပါတယ်။ တစ်ခုတည်းသော focal length နဲ့ ရိုက်တဲ့အတွက် project တစ်ခုအတွင်းက ပုံတွေမှာလည်း အမြင်ပိုင်းဆိုင်ရာမှာ တသတ်မတ်တည်း ဖြစ်စေပါတယ်။
၄။ Street Photography မှာ flash အသုံးပြုခြင်း
ဓာတ္ပံု – Weegee
ဓာတ်ပုံ – Weegee
Street Photography နဲ့ပတ်သက်လို့ အင်တာနက်မှာ အပြင်းထန်ဆုံး ငြင်းခုန်ကြီတာတွေထဲက တစ်ခုကတော့ သဘာဝအလင်းရောင် အသုံးပြုရိုက်ခြင်းနဲ့ flash အသုံးပြုရိုက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ လမ်းပေါ်မှာရိုက်တဲ့အခါ flash အသုံးပြုခြင်းကို Henri Cartier-Bresson တို့လို ထင်ရှားသူများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြသော်လည်း သူ့အရှေ့က ဓာတ်ပုံသမားတွေအနေနဲ့ ရိုက်ကူးရာမှာ flash ရဲ့ အကူအညီကို ယူခဲ့ကြရပါတယ်။
လမ်းပေါ်မှာ flash ကို စတင်အသုံးပြုတဲ့ ဓာတ်ပုံသမားတွေထဲကတစ်ယောက်ကတော့ ဂျာနယ်လစ်နဲ့ ပြန်လည်ပြင်ဆင်ရေးသမား Jacob Riis ဖြစ်ပါတယ်။ သူဟာ ၁၈၈၇ခုနှစ်ကစတင်ပြီး flash powder ကို အသုံးပြုပြီး လမ်းပေါ်မှာ ရိုက်ကူးခဲ့ပါတယ်။ လမ်းပေါ်က ဆင်းရဲမွဲတေသူများအကြောင်း စာတမ်းပြုစုခြင်းနဲ့ စာသင်ကြားရာမှာ အသုံးပြုဖို့အတွက် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
သူရိုက်ကူးလိုတဲ့ လေဝင်လေထွက်နည်းတဲ့ ခန်းမတွေ၊ ပြတင်းပေါက်မရှိတဲ့ အခန်းတွေထဲမှာ ရိုက်နိုင်ဖို့အတွက် flash powder ကို အသုံးပြုဖို့ လိုအပ်တယ်ဆိုတာကို Jacob Riis အနေနဲ့ အစကတည်းက နားလည်ခဲ့တယ်။ ဒီလိုရိုက်ဖို့အတွက် သူ့အနေနဲ့ အခန်းတွေထဲ တိတ်တဆိတ်ဝင်ရောက်ရပြီး မှောင်တဲ့အခန်းထဲမှာ ကင်မရာကို စီစဉ်ရပါတယ်။ အဲဒီနောက် ကင်မရာ တစ်ချက်ရိုက်ပြီး flash ကြောင့် မျက်စိကန်းမတတ်ဖြစ်သွားတဲ့သူတွေ သူ့နောက်မလိုက်လာနိုင်ခင်မှာ အခန်းထဲက ထွက်ပြေးရတယ်လို့ Westerbeck က Riis ရဲ့ ရိုက်ကူးပုံနည်းလမ်းကို ရှင်းပြပါတယ်။
Riis အနေနဲ့ လူတွေ မျက်စိကန်းသွားအောင်လို့ flash ကို အသုံးပြုတာမဟုတ်ဘဲ အဲဒီအချိန်က ရနိုင်တဲ့ ISO အနိမ့် ဖလင်တွေကို မှောင်တဲ့နေရာတွေမှာရိုက်ကူးနိုင်အာင်လို့ပဲ ဖြစ်ပါတယ်။
Flash အသုံးများတဲ့ နောက်ထပ်ဓာတ်ပုံသမားကတော့ Weegee ဖြစ်ပါတယ်။ သူဟာ ညဘက်အမှောင်မှာဖြစ်တဲ့ လူသေမှု လူသတ်မှုတွေကို သတင်းရယူရာမှာ နာမည်ကြီးတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။
Weegee ဟာ သူ့ခေတ်အခါက သတင်းထောက်သုံးဖြစ်တဲ့ Speed Graphic ကင်မရာကို flashbulb တွေနဲ့ တွဲသုံးပါတယ်။ Flashbulb တွေဟာ Riis ခေတ်ကအသုံးပြုတဲ့ flash powder နေရာမှာ အစားထိုးဝင်လာတဲ့ flash ဖြစ်ပါတယ်။ ဒါပေမယ့် Weegee ဟာ Riis လိုပဲ အလုပ်လုပ်ခဲ့ပါတယ်။ Weegee ဟာ အမှောင်ထဲမှာ ဘယ်လိုပုံရလာမယ်ဆိုတာကို မသိနိုင်ဘဲ ရိုက်ခဲ့ပါတယ်။ ယာဉ်တိုက်မှုတွေမှာ မော်တော်ကားမှန်ကို ဖြတ်ပြီးရိုက်တဲ့အခါ flash က အလင်းရောင်က မှန်ကို ဖြတ်ပြီးသွားမလား မှန်ကနေ အလင်းပြန်ကန်လာမလားဆိုတာကို သူဟာ မှန်းပြီးတော့ပဲ ရိုက်ခဲ့ရပါတယ်။
လမ်းပေါ်မှာရိုက်တဲ့အခါလည်း Weegee ဟာ flash ကို အသုံးပြုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ညအခါမှာ လမ်းတွေဟာ မှောင်မိုက်တဲ့အတွက် flash မပါဘဲရိုက်လို့မဖြစ်ပါဘူး။ ညအခါ flash နဲ့ရိုက်တဲ့အခါ အရိပ်နဲ့ အရောင်ပြန်တာတွေ ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ တပ်အပ်မသိနိုင်တဲ့အတွက် ပုံတစ်ပုံရဖို့ ကံကောင်းဖို့ အတော်လိုအပ်ပါတယ်။
ဥပမာ အပေါ်ကပုံမှာဆို Weegee အနေနဲ့ ကံကောင်းထောက်မစွာ flash အလင်းရောင်က မော်တော်ကား မှန်ကို ဖြတ်ပြီး အရောင်ပြန်တာမဖြစ်တဲ့အတွက် အလင်းရောင်ကြောင့် အမျိုးသမီးလက်မောင်း ပြတ်သလိုဖြစ်သွားတာက ဓာတ်ပုံကို စိတ်ဝင်စားဖွယ်ဖြစ်စေပါတယ်။
Riis နဲ့ Weegee တို့သာမက Bill Brandt နဲ့ Diane Arbus တို့ဟာလည်း Rolleiflex ကင်မရာနဲ့ flash တို့ကို တွဲဖက်အသုံးပြုခဲ့ကြပါတယ်။
Joel Meyerowitz က Colin Westerbeck နဲ့ အင်တာဗျူးမှာ Diane Arbus အနေနဲ့ လမ်းပေါ်မှာ flash အသုံးပြုတာနဲ့ပတ်သက်လို့ အောက်ပါအတိုင်း ပြောခဲ့ပါတယ်။
Colin Westerbeck – “Flash ကို သူရဲ့ ကင်မရာအပေါ်မှာ တပ်အသုံးပြုတယ်လို့ ခင်ဗျားပြောခဲ့တယ်။ ဒါဟာ သူ့ရဲ့ ပုံတွေမှာ ဘယ်လောက်အရေးပါတယ်လို့ ခင်ဗျားထင်သလဲ။”
Joel Meyerowitz – “တော်တော် အရေးပါပါတယ်။ မပါမဖြစ်လို့ကို ပြောလို့ရတယ်။ လမ်းပေါ် နေ့ခင်းကြီးမှာ flash သုံးဖို့ကို သူကစတင်ခဲ့တယ်လို့ ပြောလို့ရတယ်။ နောက်တော့ လူတိုင်းလိုက် သုံးကြတာပေါ့။ လူတစ်ယောက်နောက်ဘက်က အလင်းရောင်များလို့ မျက်နှာမည်းသွားတာကို သူက မလိုချင်ဘူး။ Flash ကိုအသုံးပြုတဲ့အတွက် လူတွေကို အလင်းရောင်ဘက် မျက်နှာလှည့်ပေးဖို့ ကြံစည်ဖို့မလိုတော့ဘူးပေါ့။ နေရောင်ကြောင့် မျက်စိတွေကျုံ့သွားတာမျိုးဖြစ်နိုင်တယ်။ အဲ့ဒီ့အစား flash ကြောင့် မျက်စိကျံု့တာမျိုး မဖြစ်တော့ဘူး။ နေရောင်ဘက်ကိုလှည့်ခိုင်းရင် လူတွေရဲ့မျက်နှာက ပုံပျက်ပန်းပျက်ဖြစ်သွားတတ်တယ်လေ။”
Street Photography မှာ flash အသုံးပြုခြင်းဟာ ဓာတ်ပုံသမားတွေသုံးတဲ့ နည်းတစ်ခုပါပဲ။ Street photographer အများစုက Bruce Gilden ကို flash သုံးတဲ့သူအဖြစ် ကိုးကားကြသော်လည်း သူ့အရှေ့မှာ flash သုံးတဲ့ street photographer တွေ အများအပြားရှိပါတယ်။ Jacob Riis, Weegee, Diane Arbus, Bill Brandt, William Klein နဲ့ အခြား အများအပြားပါပဲ။
လမ်းပေါ်မှာ flash နဲ့ရိုက်တဲ့အခါ ဘာကြောင့် ရိုက်ရသလဲဆိုတဲ့ အကြောင်းရင်း ရှိပါစေ။ လူအများ စိတ်အနှောင့်အယှက်ဖြစ်ရုံသက်သက်နဲ့တော့ မရိုက်ပါနဲ့။ Flash ကြောင့်ရတဲ့ ပုံထွက်မျိုးကို လိုချင်လို့လား။ တစ်ချို့နေရာတွေက flash မပါဘဲရိုက်လို့မဖြစ်အောင်ကို မှောင်နေလို့လား။ အမှောင်ထဲက subject ကို အလင်းဖြည့်ပေးဖို့လား။ အကြောင်းရင်းတော့ ရှိပါစေ။
၅။ Stieglitz ပြောပြတဲ့ “လက်ကိုင် ကင်မရာများ”နဲ့ ဓာတ်ပုံကောင်းရအောင် ရိုက်နည်း
ဓာတ္ပံု – Alfred Steiglitz
ဓာတ်ပုံ – Alfred Steiglitz
ဓာတ်ပုံပညာရဲ့ ဆရာတစ်ဦးဖြစ်ပြီး “လက်ကိုင်ကင်မရာ”တွေဘက်က ထောက်ခံခဲ့သူတစ်ဦးဖြစ်တဲ့ Alfred Stieglitz က ဓာတ်ပုံသမားတွေအတွက် လက်တွေ့အကြံပေးချက်တွေကို ၁၈၉၀ ခုနှစ်များလောက်ကတည်းက ပေးခဲ့ပါတယ်။
၁၈၉၀ နှောင်းပိုင်းကာလတွေမှာ “လက်ကိုင်ကင်မရာ နဲ့ သူ့ရဲ့ လက်ရှိအချိန်မှာ အရေးပါမှု” အမည်ရတဲ့ ဆောင်းပါးကို Stieglitz က ရေးသားခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ သူက ဓာတ်ပုံသမားတွေကို ပုံကောင်းတွေရဖို့ ဘယ်လိုလုပ်ရမယ်ကို ပြောခဲ့ပါတယ်။ သူ့အကြံပေးချက်က Sutcliffe ပြောခဲ့သလိုပါပဲ။ မြင်ကွင်းကို ဘောင်ချ သတ်မှတ်ပြီးတာနဲ့ composition ပြည့်စုံသွားဖို့အတွက် ဖြတ်လျှောက်သွားမယ့်သူတွေကို စောင့်ပါလို့ Stieglitz က အကြံပေးပါတယ်။ ဒီနည်းအတိုင်းပဲ Stieglitz ဟာ “Winter – Fifth Avenue” ဓာတ်ပုံကို ဖန်တီးခဲ့ပါတယ်။ ဒါဟာ 4×5” format လက်ကိုင်ကင်မရာကို အသုံးပြုပြီး ဖန်တီးခဲ့တဲ့ သူ့ရဲ့ ပထမဆုံးဓာတ်ပုံလည်းဖြစ်ပါတယ်။ ဒီကင်မရာကို သူ ဥရောပကနေ နျူးယောက်ကို အပြန်မှာ ဝယ်ခဲ့တာဖြစ်ပါတယ်။
Stieglitz ရဲ့ခေတ်က “လက်ကိုင်ကင်မရာ”ဆိုတာဟာ အရွယ်အစားကြီးမားတဲ့ 4×5” large-format ကင်မရာဖြစ်ပါတယ်။ ပုခုံးသိုင်းကြိုးနဲ့လွယ်ပြီး လက်မှာတော့ ကိုင်ထားလို့ရနိုင်ပါတယ်။ ဒါပေမယ့် သူပြောတဲ့ မြင်ကွင်းကို ဘောင်ချပြီး ပုံနဲ့လိုက်ဖက်ညီမယ့်လူဖြတ်သွားဖို့ စောင့်ခိုင်းတဲ့ အကြံကတော့ ယနေ့ street photographer တွေအတွက်လည်း လက်တွေ့အသုံးဝင်ပါသေးတယ်။
ဒီနည်းလမ်းဟာ Henri Cartier-Bresson မကြာခဏအသုံးပြုတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကျော် စက်ဘီးစီးသမား ဓာတ်ပုံကို ဥပမာယူကြည့်ပါ။ သူလှေကားပေါ်ကိုတက်၊ အောက်ကို ငုံကြည့်၊ စိတ်ဝင်စားဖို့ကောင်းတဲ့ လှေကားပုံသဏ္ဏန်ကို တွေ့ကောင်းတွေ့လိမ့်မယ်။ ဒါပေမယ့် ပုံရဲ့ အပေါ်ဘယ်ဘက်ထောင့်က ဗလာဖြစ်နေတယ်။ အဲဒီတော့ သူဘာလုပ်သလဲ။ တစ်စုံတစ်ယောက် (ပုံမှာတော့ အရှိန်နဲ့နင်းလာတဲ့ စက်ဘီး) ပုံအပေါ်ဘယ်ဘက်ထောင့်ထဲ ဝင်လာတဲ့အထိ သူစောင့်ခဲ့တယ်။ ဒါက composition ကို ပြည့်စုံသွားစေတယ်။ အဲဒီအဆုံးအဖြတ်ကျတဲ့ အခိုက်အတန့်မှာ သူ ကင်မရာခလုတ်ကို နှိပ်လိုက်တယ်။
Street Photographer အများဟာ တစ်ခါတစ်ရံမှာ စိတ်မရှည်ဖြစ်တတ်ပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ မြင်ကွင်းတွေကို အမြဲ “အမဲလိုက်”သလို လိုက်နေတတ်ပါတယ်။ HCB ဥပမာကို အခြေခံပြီး စိတ်ရှည်ဖို့နဲ့ ဖြည်းဖြည်းရိုက်ကူးဖို့လည်း ကြိုးစားသင့်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ background တွေရဖို့ တစ်နေရာကနေ တစ်နေရာကို သွားနေမယ့်အစား လက်ရှိမြင်ကွင်းမှာ ရိုက်လို့ရအောင်လည်း စိတ်ရှည်ရှည်နဲ့ ကြိုးစားပြီး တစ်နေရာတည်းကို ပုံအတော်များများ ရိုက်ကြည့်သင့်ပါတယ်။ စိတ်ရှည်တယ်ဆိုရင် သင့်တော်တဲ့ သူတစ်ယောက်ယောက်က ဓာတ်ပုံထဲရောက်လာပြီး မြင်ကွင်းကို ပြည့်စုံသွားစေတတ်ပါတယ်။ ဒါတင်မက ပုံရဲ့ အနောက်ထဲကနေ စိတ်ဝင်စားဖို့ကောင်းတဲ့ ခြေ လက်အမူအယာ၊ မျက်လုံးတစ်စုံ စတဲ့ ဓာတ်ပုံကို ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ အသေးစိတ်အချက်လေးတွေ ပါဝင်လာနိုင်ပါတယ်။
ယခု ကင်မရာနည်းပညာဟာ ၁၈၉၀ ခုနှစ်များကထက် ပိုမိုကောင်းမွန်ပြီး ကင်မရာတွေမှာ မြန်ဆန်တဲ့ auto focus, burst mode စသဖြင့် လုပ်ဆောင်နိုင်စွမ်းတွေ ပါဝင်လာပါတယ်။ သို့သော် ရှေးခေတ်ဆရာကြီးများဆီကနေ သင်ယူနိုင်တာကတော့ စိတ်ရှည်သည်းခံခြင်းဟာ Street Photography မှာ ရှိသင့်တဲ့ လိုအပ်ချက်ဖြစ်တယ် ဆိုတာပါပဲ။  
နိဂုံး
ဓာတ္ပံု – Diane Arbus
ဓာတ်ပုံ – Diane Arbus
ဘယ်လို အနုပညာပုံစံပဲဖြစ်ပါစေ သူတို့နဲ့ပတ်သက်တဲ့ ဂန္တဝင်လက်ရာတွေ၊ သမိုင်းကြောင်းနဲ့ ရှေ့က ဆရာသမားတွေကို လေ့လာသင့်ပါတယ်။ တစ်ချိန်တည်းမှာလည်း တီထွင်ဆန်းသစ်ဖို့၊ အသစ်တွေပြုလုပ်ဖို့ လိုအပ်ပါတယ်။
Street Photography နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေဟာ မိုက်မဲတယ်လို့တောင် ပြောလို့ရပါတယ်။ သမိုင်းကို ပြန်ကြည့်ရင် အဖြေအများစုကို တွေ့ရမှာပဲဖြစ်ပါတယ်။
ဒါတင်မက တီထွင်ဖန်တီးမှုနဲ့ မူရင်းဖြစ်မှုတို့ဟာ တစ်ကယ်တမ်းမတည်ရှိပါဘူး။ အရာအားလုံးကို “ရှေးကတည်းက လုပ်ပြီးသား” ဖြစ်ပါတယ်။ ဒီ့အတွက် မိမိရဲ့ နှလုံးသားနဲ့ စိတ်ရင်းအတိုင်း လမ်းပေါ်မှာ ရိုက်ကူးသင့်ပါတယ်။
ဖတ်ညွှန်း
Bystander: A History of Street Photography
Bystander: A History of Street Photography
Eric Kim ၏ The History of Street Photography: Timeless Insights You Can Learn ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
Eric Kim ဟာ အမေရိကန်ပြည်ထောင်စုမှ Street Photographer တစ်ဦးဖြစ်ပြီး (http://erickimphotography.com/blog/) မှာ Street Photography နဲ့ ပတ်သက်ပြီး ဆောင်းပါးများ၊ အင်တာဗျူးများ ရေးသားနေသူ ဖြစ်ပါတယ်။
ဘာသာပြန် – THT