Street Photography ရဲ့ သမိုင်း – အပိုင်း (၂)
Articles
၁၁။ လူမှုဗေဒနဲ့ Street Photography
ကေလးလုပ္သားမ်ား။ ဓာတ္ပံု – Lewis Hine
ကလေးလုပ်သားများ။ ဓာတ်ပုံ – Lewis Hine
Street Photography မှ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း အမျိုးမျိုး ရှိကြပါတယ်။ စိတ်ဝင်စားဖွယ် အခိုက်အတန့်များ၊ သမိုင်းဖြစ်ရပ်၊ အမြင်ပုံရိပ်များ ဒါမှမဟုတ် လူမှုရေးဆိုင်ရာများကို မှတ်တမ်းတင်ရတာကို စိတ်ဝင်စားကောင်း ဝင်စားနိုင်ပါတယ်။
Lewis Hine ကတော့ လူမှုဗေဒဘက် အားသန်တဲ့ Street Photographer တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေဟာ စိတ်ဝင်စားဖို့ကောင်းပြီး ကောင်းစွာဖွဲ့စည်းထားရုံမက လေးနက်တဲ့အဓိပ္ပါယ်တွေဖော်ပြနိုင်ဖို့လည်း အားထုတ်ထားပါတယ်။ သူ့ရဲ့ပုံတွေက အခြားသူများကို လူမှုအခြေအနေတစ်ခုအကြောင်း သတင်းပေးနိုင်တဲ့ပုံများအဖြစ် ဖန်တီးလိုပါတယ်။ ပြီးတော့ သူ့ပုံများက လူမှုအဖွဲ့အစည်းတစ်ခုအတွင်းမှာ အပြောင်းအလဲတွေဖြစ်စေတဲ့ ပုံများဖြစ်လိုပါတယ်။
Hine အနေနဲ့ မိုင်းတွင်းတွေ၊ စက်ရုံတွေ အစရှိတဲ့ လုပ်ငန်းခွင်အခြေအနေမျှတမှုမရှိတဲ့ နေရာတွေမှာ ဓာတ်ပုံအရိုက်များပါတယ်။
Hine အနေနဲ့ လမ်းပေါ်မှာဓာတ်ပုံရိုက်တဲ့အခါမှာ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း နှစ်မျိုး သုံးမျိုး ရှိတယ်လို့ Westerbeck က ရေးသားခဲ့ပါတယ်။ အရိုးရှင်းဆုံး ချဉ်းကပ်ပုံက သက်သောင့်သက်သာ ကိုယ်ဟန်ပေးတဲ့ အုပ်စုလိုက် ပုံတွေရိုက်တာပဲ ဖြစ်ပါတယ်။ The Pittsburg Survey အမည်ပေးထားတဲ့ စီးရီးစ်မှာ ရုရှား စတီးလ်အလုပ်သမားတွေကို ရိုက်ထားတဲ့ ပုံတွေထဲက တစ်ခုလို ဖြစ်ပါတယ်။ Hine အသုံးပြုတဲ့ Graflex ကင်မရာက အဲ့အချိန်တုန်းက အသစ်လို့ ပြောလို့ရပြီး ကင်မရာအပေါ်ကကြည့်တဲ့ top-viewer ကိုသုံးပြီး ခါးလည်အနေအထားလောက်မှာထားပြီး ရိုက်ခဲ့တာဖြစ်ပါတယ်။ အရိုက်ခံသူတွေနားကို ပိုမိုတိုးကပ်သွားတာနဲ့ ကင်မရာကို ပိုမော့ပေးရပါတယ်။ ဒီနည်းလမ်းက လမ်းပေါ်မှာရိုက်တဲ့ portrait တွေကို လူစွမ်းကောင်းဟန်ပေါ်စေပါတယ်။
ရုရှားအလုပ်သမားတွေကို Pittsburg ရဲ့ မြို့ဆင်ခြေဖုံးဘက်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ယင်းနေရာမှာ ၁၈၉၂ ဆန္ဒပြမှုဖြစ်တုန်းက စတီးလ်အလုပ်သမားတွေ လမ်းတွေပေါ်မှာ သေနတ်ပစ်ခံရခဲ့ပါတယ်။ အလုပ်သမားတွေ သမ္မဂဖွဲ့ဖို့ အားထုတ်မှုကို ဖြိုခွဲခံရတာဖြစ်ပါတယ်။အောက်ခြေကနေပင့်ရိုက်ထားတဲ့ Hine ရဲ့ ဓာတ်ပုံထဲမှာတော့ အလုပ်သမားထုရဲ့ စုစည်းမှုကို တစ်ဖန်ဖော်ပြနေသလိုပါပဲ။ Hine က ဓာတ်ပုံကြည့်သူတွေကို မြင်စေလိုတဲ့ ဂုဏ်သက္ခာနဲ့ လူသားစိတ်ဓာတ် စတာတွေကို ဖော်ပြနေပါတယ်။
Hine အနေနဲ့ လူပုံတူရိုက်ကူးခြင်း အနုပညာကို လမ်းပေါ်အနေအထားနဲ့ ကိုက်ညီအောက် ပြင်ဆင်နိုင်ခဲ့ပါတယ်။ စီစဉ်ရိုက်တာမဟုတ်တဲ့ candid ရိုက်ချက်တွေမှာ မြင်ကွင်းတစ်ခုအတွင်း ဖြစ်ပျက်နေတာတွေပေါ်လွင်အောင် ခြေတစ်လှမ်းနောက်ဆုတ်ရိုက်တဲ့ပြီး ဓာတ်ပုံတွေဟာ သူ့အနေနဲ့ ဓာတ်ပုံသမားဆိုတာပေါ်လွင်နေစေပါတယ်။ လက်ရှိအချိန်ကို မှတ်တမ်းတင်ဖို့နဲ့ အနာဂတ်မှာ အတိတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ လူသားတွေဟာ မှတ်တမ်းတင်ကြပါတယ် လို့ Hine ကို ဘာက Street Photographer ဖြစ်စေသလဲဆိုတာကို Westerbeck က ရှင်းပြပါတယ်။
လမ်းပေါ်မှာရိုက်တဲ့အခါ ဓာတ်ပုံတွေမှာ အမြင်ပိုင်းဆိုင်ရာ စိတ်ဝင်စားအောင်ပြုလုပ်ဖို့ အရေးကြီးရုံသာမက လေးနက်တဲ့ အဓိပ္ပါယ်ပါရှိဖို့ လိုအပ်ပါတယ်။ စိတ်ဝင်စားမှုရှိပါက လူမှုရေးဘက်နွယ်တဲ့ street ဓာတ်ပုံတွေ ရိုက်ကူးကြည့်သင့်ပါတယ်။ မမျှတမှုတွေ ရှိနေတယ်လို့ ထင်ရတဲ့ လူမှုအစုအဝေးတစ်ခုခု သို့မဟုတ် နေရာဒေသတစ်ခုခုကို ချဉ်းကပ်ပြီး ကင်မရာကို အသုံးချကာ အခြားသူများကို သတင်းပေးပို့နိုင်ဖို့၊ နားလည်သဘောပေါက်လာစေဖို့ ကြိုးစားကြည့်သင့်ပါတယ်။
၁၂။ ပန်းချီ နဲ့ ဓာတ်ပုံ
ဓာတ္ပံု – Walker Evans
ဓာတ်ပုံ – Walker Evans
ပန်းချီကို စတင်စိတ်ဝင်စားခဲ့တဲ့ Street Photographer တွေ အများအပြားရှိပါတယ်။ သူတို့ထဲမှာ Henri Cartier-Bresson နဲ့ Walker Evans တို့လည်း ပါဝင်ပါတယ်။
ဘာကြောင့် ဓာတ်ပုံကို လုပ်ဆောင်ခဲ့သလဲလို့ မေးတဲ့အခါ Evans က “ဒါဟာ ပန်းချီသမားတွေဆီက စတာပါ။ ငါ့သူငယ်ချင်းအတော်များများက ပန်းချီသမားတွေလေ။ နောက်ပြီး ငါ့ကိုယ်ငါ အမြင်ဆိုင်ရာ ပညာရပ် လေ့လာခဲ့တယ်” လို့ ပြောပါတယ်။ ဒီပညာရပ်ကို ပါရီမှာ သင်ခဲ့တာဖြစ်ပြီး ပန်းချီ”သစ်”တွေကို အတော်ကြည့်ရှုခဲ့ပါတယ်။ ပါရီပန်းချီဂိုဏ်းက ထိုအချိန်မှာ အလွန်စိတ်ဝင်စားဖို့ကောင်းတယ်လို့ ပြန်ပြောင်းပြောပါတယ်။ အမြင် ပညာရေးနဲ့ပတ်သက်လို့ တော်လှန်တဲ့ ပညာရေးဖြစ်ခဲ့တယ်။ Evans ကို လမ်းပြခဲ့သူတွေအထဲမှာ Picasso နဲ့ Braque တို့သာမက အမေရိကမှ သူ့သူငယ်ချင်းများဖြစ်တဲ့ Stefan Hirsch စတဲ့ ပန်းချီသမားများ ပါဝင်ခဲ့ပါတယ်။
“ငယ်ရွယ်စဉ်မှာ လွမ်းမိုးမှုတွေကို လက်သင့်ခံဖို့ အဆင်သင့်ရှိပြီး ပြတိက်တွေကို သွားတယ်။ နောက်တော့ လမ်းတွေက ပြတိုက်တွေဖြစ်လာတယ်။ ပြတိုက်တွေကတော့ ကိုယ့်အတွက် မကောင်းတော့ဘူး။ ကိုယ့်ဓာတ်ပုံတွေကို အနုပညာကနေ လာတာမဖြစ်စေချင်ဘူး။ ဘဝကနေလာတာဖြစ်စေချင်တယ်။ ဒါကို လမ်းပေါ်မှာရှိတယ်” လို့ အခြားသော ပန်းချီသမားများ၊ အနုပညာသမားများဆီကနေ ဘယ်လောက် ရယူရမလဲဆိုတာကို ရှင်းပြပါတယ်။
ဒီဇိုင်း၊ ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ ပတ်သက်လို့ မိမိရဲ့ အမြင်ကို တိုးတက်လာစေဖို့ အကောင်းဆုံးနည်းလမ်တွေထဲက တစ်ခုကတော့ ပန်းချီကားတွေကို ကြည့်ဖို့ပဲဖြစ်ပါတယ်။ ပန်းချီသမားတွေအနေနဲ့ ပန်းချီကားထဲက လူ၊ အရာဝတ္ထုတွေနဲ့ ဘောင်ခတ်ခြင်းတို့ကို ထိန်းခုျပ်နိုင်တဲ့အတွက် သူတို့ဟာ ဓာတ်ပုံသမားများထက် ပိုကောင်းတဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေရရှိတတ်ပါတယ်။ ပြတိုက်တွေကို သွားပါ။ အနုပညာစာအုပ်တွေ ဖတ်ပါ။ အနုပညာသမိုင်းကို လေ့လာပါ။ ပန်းချီနဲ့ အနုပညာနဲ့ ပတ်သက်တဲ့ နောက်ခံ အသိ ခိုင်ခိုင်မာမာရှိတဲ့အခါမှာ Street Photography မှာ ဖွဲ့စည်းတည်ဆောက်ပုံတွေအတွက် ကောင်းစွာ အထောက်အကူ ဖြစ်စေနိုင်ပါလိမ့်မယ်။
ဒါပေမယ့်လည်း ဓာတ်ပုံသမားတွေအနေနဲ့ ပြတိုက်တွေထဲမှာပဲ အချိန်ကုန်မနေဖို့နဲ့ မိမိကို အဓိက လှုံဆော်ပေးတဲ့နေရာဖြစ်တဲ့ လမ်းတွေပေါ်မှာ အချိန်ပေးဖို့လည်း Evans က သတိပေးထားပါတယ်။
၁၃။ အခြားသူများနဲ့အတူ လမ်းတွေပေါ်မှာ ဓာတ်ပုံရိုက်ခြင်း
Garry Winogrand လမ်းတွေပေါ်မှာ ဓာတ်ပုံရိုက်စဉ်
Street Photography ဆိုတာဟာ မကြာခဏဆိုသလို တစ်ကိုယ်ရည် လုပ်ဆောင်ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခြားသူများနဲ့အတူ ရိုက်တဲ့အခါမှာလည်း အကျိုးကျေးဇူးရှိနိုင်ပါတယ်။ အထူးသဖြင့် အတူလိုက်ပါသူက မိမိနဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းနဲ့ စိတ်ပြင်းပြမှုတို့ တူညီတဲ့အခါမျိုးတွေပေါ့။ Street Photography ရဲ့ ဆရာကြီးနှစ်ဆူဖြစ်တဲ့ Joel Meyerowitz နဲ့ Garry Winogrand တို့ဟာ မကြာခဏ အတူတူတွဲ ရိုက်လေ့ရှိပါတယ်။ Colin Westerbeck က Joel Meyerowitz ကို သူ့ရဲ့အတွေ့အကြုံနဲ့ပတ်သက်လို့ အင်တာဗျူးခဲ့တာကို ဖော်ပြလိုက်ပါတယ်။
Colin Westerbeck – နှစ်အတော်ကြာအောင် ခင်ဗျားတို့နှစ်ယောက်အတူတွဲပြီး ရိုက်ခဲ့တယ်။ ဘယ်လိုရိုက်ဖြစ်ခဲ့တာလဲ။
Joel Meyerowitz – Garry က အဖော်ပါတာကို နှစ်သက်တယ်။ သူ့အနေနဲ့ လမ်းတွေပေါ် ထွက်ချင်ပြီး သူနဲ့အတူရှိမယ့် အဖော်ကို လိုအပ်ခဲ့တယ်။ ဒါကို တားလို့မရဘူး။ သူက တားလို့မရတဲ့သူ။ “သွားစို့၊ သွားစို့” နဲ့ အမြဲပြောနေတဲ့သူ။ အစပိုင်းကတည်းက မနက်ဆို သူဖုန်းဆက်ပြီး “နားထောင်၊ မင်းနဲ့ငါ ကိုးဆယ့်ခြောက်နဲ့ အမ်စတာဒမ်လမ်းထောင့်က စားသောက်ဆိုင်မှာ တွေ့မယ်။ ကော်ဖီသောက်မယ်။ အပြင်ထွက်မယ်။ ငါတို့ ဓာတ်ပုံရိုက်ကြမယ်”ပြောလေ့ရှိတယ်။ ငါက အမြဲ အဆင်သင့်ပဲ။ ၁၉၆၂ ကနေ ၁၉၆၅ အထိ တားဆီးမနိုင်တဲ့ ရဲဝံ့မှုနဲ့ ပြင်းပြင်းထန်ထန် သုံးနှစ်လောက် သူနဲ့အတူ ရိုက်ခဲ့တယ်။
၁၄။ အပြုသဘောဆောင်တဲ့ တုံ့ပြန်ခြင်း နဲ့ ဝေဖန်ခြင်း
ဓာတ္ပံု – Tony Ray Jones
ဓာတ်ပုံ – Tony Ray Jones
လူမှုကွန်ရက်တွေက ကောင်းချီးပေးတာလို့လည်း ဆိုလို့ရသလို ကျိန်စာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ကမ္ဘာအနှံ့က street photographer တွေနဲ့ ချိတ်ဆက်ပေးနိုင်သလို အခြားတစ်ဖက်မှာ ဓာတ်ပုံတွေအပေါ်ပေးတဲ့ တုံ့ပြန်ချက်တွေနဲ့ ဝေဖန်မှုတွေကတော့ “ကောင်းလိုက်တဲ့ပုံ” “သိပ်ကောင်းတယ်” ဒါမှမဟုတ် “like” ခလုတ်လေး နှိပ်တာလောက်မှာပဲ ရှိနေပါတယ်။
လူမှုကွန်ရက်တွေနဲ့ပတ်သက်တဲ့ ပြဿနာကတော့ အချက်အလက်များ အလွန်အမင်းရရှိနေတာပဲ ဖြစ်ပါတယ်။ များပြားလှတဲ့ street photographer တွေရဲ့ ဓာတ်ပုံတွော အများအပြားကို မြင်တွေ့နေရပါတယ်။ လူတိုင်းကို တုံ့ပြန်ချက်ပြန်ပေးလိုပြီး၊ ပေးဖြစ်တဲ့ တုံ့ပြန်ချက်တွေဟာလည်း အရည်အသွေးပိုင်းမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။
ဟိုးတုန်းက street photographer တွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို တုံ့ပြန်ချက်တွေပေးကြပါသလဲ။ အများဆုံးအနေနဲ့တော့ သူတို့ လူချင်းတွေ့ပြီးပေးကြပါတယ်။ သူနဲ့ Tony Ray Jones တို့ တစ်ယောက်ရဲ့ ဓာတ်ပုံကို တစ်ယောက် ဘယ်လို ဝေဖန်ကြသလဲဆိုတာကို Joel Meyerowitz က ရှင်းပြပါတယ်။
“ညတိုင်း တစ်ယောက်ရဲ့ ဓာတ်ပုံတွေ နောက်တစ်ယောက်က ရွေးတယ်။ အရေးမပါတာက အစ ငြင်းခုန်ကြတယ်။ ချက်ခြင်းဆိုသလို သိမ်မွေ့တဲ့ အလင်းအမှောင်နဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေပြုနိုင်ဖို့ ကြိုးစားတယ်။ ဘာကိုရိုက်တာလဲ။ ပိုနှေးပြီး ပုံထဲ ပိုပေါ်အောင် ဘာလိုမလုပ်တာလဲ။ ဒါမှမဟုတ် ဘာလို့ ပိုနီးနီးကပ်ကပ် မရိုက်တာလဲ။ ဒီဟာကို ပြတ်သားအောင်ရိုက်ပြီး ဟိုဟာကျဘာလို့ ပြတ်သားအောင် မရိုက်တာလဲ အစရှိသဖြင့်ပေါ့။ ငါတို့ရဲ့ ပုံတွေကို သုံးသပ်ပြီး ဝေဖန်ကြတာပဲ။ ကိုယ့်ကိုကိုယ် လွတ်မြောက်အောင်ပေါ့။”
ဘယ်လို လက်မှုပညာနဲ့ အနုပညာမှာမဆို ရိုးသားပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်နဲ့ ဝေဖန်ချက်တွေဟာ အရေးပါပါတယ်။ ဓာတ်ပုံတွေ တင်လိုက်တဲ့အခါ နောက်ကျောကိုသပ်ပြီး ကောင်းတယ်ပြောတာက လိုချင်ဖွယ်ပါပဲ။ ဒါပေမယ့် ဒါတွေက ပိုကောင်းလာအောင် အကူအညီမပေးပါဘူး။
ဘယ်လိုသော လူမှုကွန်ရက်တွေကို သုံးသည်ဖြစ်စေ တုံ့ပြန်ချက်တွေနဲ့ ဝေဖန်ချက်တွေပေးတဲ့အခါ အရေအတွက်ထက် အရည်အချင်းပါတဲ့ တုံ့ပြန်ချက်တွေနဲ့ ဝေဖန်ချက်တွေပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။
အနည်းငယ်သော ဓာတ်ပုံသမားတွေရဲ့ ပုံတွေကိုသာ ကြည့်ပြီး စေ့စေ့စပ်စပ်၊ ရိုးရိုးသားသား နဲ့ အသုံးဝင်တဲ့ တုံ့ပြန်ချက်တွေနဲ့ ဝေဖန်မှုတွေပေးပါ။ သူတို့ဓာတ်ပုံတွေမှာ ဘာကိုကြိုက်တယ်၊ ဘယ်လိုဆိုရင် ပိုကောင်းနိုင်တယ်လို့ ထင်တယ် စတာတွေ ပြောပေးပါ။
တစ်ခြားသူများက မိမိကို အသုံးဝင်တဲ့ တုံ့ပြန်ချက်တွေနဲ့ ဝေဖန်မှုတွေပေးလာတာကို စောင့်နေမယ့်အစား ဂန္ဒီပြောခဲ့သလို “ကမ္ဘာမှာ မိမိဖြစ်လိုတဲ့ အပြောင်းအလဲဖြစ်အောင်ပြုလုပ်ပါ” ဆိုတဲ့အတိုင်း မိမိကစပြီး အကျိုးရှိမယ့် တုံ့ပြန်ချက်တွေစပေးရင်း အခြားသူများကလည်း ပြန်လည် တုံ့ပြန်ပါလိမ့်မယ်။ သို့မဟုတ်တောင် အနည်းဆုံး မိမိရဲ့ အားထုတ်မှုကို သတိထားမိ၊ အသိအမှတ်ပြုကြမှာပဲ ဖြစ်ပါတယ်။
၁၅။ Street Photography ရိုက်ရာမှာ ကြောက်ရွံ့ခြင်း
ဓာတ္ပံု – Jacques Henri-Lartigue
ဓာတ်ပုံ – Jacques Henri-Lartigue
Jacques Henri-Lartigue ဟာ ပြင်သစ် ဓာတ်ပုံသမားတစ်ဦးဖြစ်ပြီး ၁၈၀၀ နှောင်းပိုင်းနဲ့ ၁၉၀၀ အစောပိုင်းနှစ်များမှာ ဓာတ်ပုံတွေရိုက်ခဲ့သူဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ မိသားစုမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး ဓာတ်ပုံကို အသက်အတော်ငယ်ငယ်ကတည်းက စတင်ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ သူ့လိုချမ်းသာကြွယ်ဝသူအမျိုးသားတွေ မော်တော်ကားပြိုင်ကြပုံ၊ လေယာဉ်ပျံမောင်းနှင်ကြပုံတွေနဲ့ သူ့အကြိုက်တွေထဲကတစ်ခုဖြစ်တဲ့ လှလှပပ အမျိုးသမီးတွေကို ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ MOMA ပြတိုက်က ဓာတ်ပုံပြပွဲကျင်းပသူ John Szarkowski က Jacques Hneri-Lartigue ကို သူ့အသက် ၇၀ကျော်ရောက်တဲ့အချိန်မှာရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ယင်းမတိုင်မီက သူ့ဓာတ်ပုံတွေကို လူတွေမသိကြပါဘူး။ ဒါတင်မက Henri Cartier-Bresson က ဓာတ်ပုံသမားတွေထဲမှာ Lartigue ကို အလေးစားဆုံးလို့ Newsweek Magazine ကို တစ်ခါက ပြောခဲ့ဖူးပါတယ်။
Henri-Lartigue ဟာ သူ့ရဲ့ ဓာတ်ပုံနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို နေ့စဉ်မှတ်တမ်းရေးသားပါတယ်။ လှပတဲ့ အမျိုးသမီးတစ်ဦးကို (ခွင့်ပြုချက်မရဘဲ) ဓာတ်ပုံရိုက်တဲ့ အတွေ့အကြံုနဲ့ စိတ်လှုပ်ရှားရာတာကို ရေးသားထားတာဟာ စိတ်ဝင်စားဖွယ်ပါ၊
“ကောင်းစွာ ဝတ်စားထားတယ်။ အများနဲ့မတူ တစ်မူထူးပြီး ရည်မွန်ကျော့ရှင်းတယ်။ ရယ်စရာကောင်းတယ် သို့မဟုတ် လှပတဲ့ အမျိုးသမီးကို ငါက စောင့်စားနေတယ်။ ဟော လာပါပြီ။ ငါ တွန့်ဆုတ်သွားတယ်။ အနည်းငယ် တုန်လှုပ်သွားတယ်။ မီတာ နှစ်ဆယ်… မီတာ တစ်ဆယ်… ငါးမီတာ… ကလစ်။ ငါ့ကင်မရာက အသံကြောင့် အမျိုးသမီး ထခုန်သွားတယ်။ ငါလည်း ခုန်လုနီးနီး။ ဒါကအရေးမကြီးပါဘူး။ ဒါပေမယ့် သူမဘေးမှာ လူကြီးတစ်ယောက်ပါလာပြီး သူကအရမ်းဒေါသထွက်ပြီး ငါ့ကို ကလေးဆိုးတစ်ယောက်လို ဆူတော့တယ်။ ဒါက ငါ့ကို အရမ်းဒေါသထွက်စေတယ်။ ဒါပေမယ့် ငါပြုံးပြဖို့ ကြိုးစားတယ်။
နောက်ထပ်ဓာတ်ပုံတစ်ပုံရိုက်လိုက်နိုင်တဲ့ အရသာက ကြုံခဲ့ရသမျှအတွက် တန်သွားစေတယ်။ ဒီဓာတ်ပုံကို ငါသိမ်းထားမယ်။”
Street Photographer အများဟာ လမ်းပေါ်မှာ သူစိမ်းတွေကို ဓာတ်ပုံရိုက်ဖို့အတွက် စိတ်လှုပ်ရှားပြီး တွန့်ဆုတ်တတ်ကြပါတယ်။ သို့သော်လည်း ဒါဟာ ခုမှ ကြုံရတာမဟုတ်ပါဘူး။ ဟိုကတည်းက ဓာတ်ပုံသမားတွေလည်း ကြံုခဲ့ရတာဖြစ်ပါတယ်။
Street Photographer တိုင်းမှာ လမ်းပေါ်သူစိမ်းတွေကို ဓာတ်ပုံရိုက်တဲ့အခါ သူ့အတိုင်းအတာနဲ့သူ ကြောက်ရွံ့မှု ရှိကြပါတယ်။ ဒါကို အချိန်ကြာလာတာနဲ့အမျှ ကျော်လွှားသွားနိုင်မှာပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ စိတ်နေစိတ်ထား၊ သည်းခံမှုတို့နဲ့ မိမိကိုယ်ကို ယုံကြည်မှုတိုးပွားလာအောင် တည်ဆောက်ပါ။
Street Photography ရိုက်ရမှာ ကြောက်တဲ့စိတ်က မိမိပတ်ဝန်းကျင် ကမ0×081ဘာကို မှတ်တမ်းတင်ဖို့ကနေ မပျက်ကွက်သွားပါစေနဲ့။ လူတွေက ကိုယ့်ကို အော်ဟစ်လိုက်မှာ၊ ထိပ်တိုက်ရင်ဆိုင်ရမှာကို ကြောက်တတ်ကြတာပါပဲ။ Jaques Hneri-Lartigue တောင်မှ လှပကျော့ရှင်းတဲ့အမျိုးသမီးကို ဓာတ်ပုံရိုက်ခဲ့တဲ့အတွက် သူမရဲ့ ချစ်သူ သို့မဟုတ် ခင်ပွန်းဖြစ်လောက်တဲ့ အမျိုးသားရဲ့ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရပါသေးတယ်။
၁၆။ “ပုဂ္ဂိုလ်စွဲ အကဲဖြတ်ခြင်း မပါတဲ့” street ဓာတ်ပုံများ ရိုက်ကူးခြင်း
ဓာတ္ပံု – Henri Cartier-Bresson
ဓာတ်ပုံ – Henri Cartier-Bresson
လူသားတစ်ယောက်အနေနဲ့ ကမ္ဘာလောကကိုကြည့်တဲ့အခါမှာ ဓမ္မဓိဌာန်ကျကျ ကြည့်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ မိမိရဲ့ ကိုယ်ပိုင်ရှုထောင့်ကနေ မြင်နေကြတာပဲဖြစ်ပါတယ်။
Street ဓာတ်ပုံတွေကို ဖန်တီးတဲ့အခါ ကိုယ်ပိုင်အမြင်ပါတဲ့ ဓာတ်ပုံတွေဖန်တီးဖို့ အရေးကြီးသလိုပဲ တစ်ခါတစ်ရံမှာ “အကဲဖြတ်ခြင်း” ပါဝင်မှုနည်းဖို့လည်း လိုအပ်ပါတယ်။
အကဲဖြတ်ခြင်း မပါဝင်တဲ့ street ဓာတ်ပုံတွေနဲ့ ပတ်သက်တဲ့ ဥပမာတစ်ခုကတော့ Hneri Cartier-Bresson ရဲ့ street ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။
“ဓာတ်ပုံတစ်ပုံအနေနဲ့ ပြောပြစရာ ဇာတ်လမ်းတစ်ပုဒ် ပါရှိဖို့မလိုပါဘူး။ ပါရှိခဲ့တယ်ဆိုရင်တောင်မှ ဒီဇာတ်လမ်းကနေ ကိုယ်ကျင့်တရာနဲ့ ပတ်သက်တာဘာကိုမှ ပေးဖို့မလိုပါဘူး။ ဓာတ်ပုံတစ်ပုံဟာ Levy ပြောခဲ့တဲ့အတိုင်းဆိုရင် ကိုယ်ကျင့်တရာကောင်းခြင်း၊ မကောင်းခြင်းကို မဖော်ပြပါဘူး။ ဓာတ်ပုံထဲမှာပါတဲ့ အကြောင်းအရာဟာ ထူးထူးဆန်းဆန်းပဲ ကြားနေ ဘက်မလိုက်ပါဘူး။ Cartier-Bresson ဟာ အရွဲ့တိုက်တတ်တဲ့ သူမဟုတ်ဘူးလို့ Lincoln Kirstein က ထောက်ပြပါတယ်။ အရွဲ့တိုက်တယ်ဆိုကတည်းက မိမိရဲ့အမြင်နဲ့ အကဲဖြတ်မှု တစ်စိတ်တစ်ပိုင်း ပါဝင်လို့ပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံသမား (HCB) ရဲ့ လူသားသဘာဝအပေါ် လေ့လာမှုများမှာ အကောင်းအဆိုးအမြင်တွေ မပါဝင်ပါဘူး။ ပါရီ သို့မဟုတ် ဆီဗီလာ သို့မဟုတ် ရှန်ဟိုင်း စတဲ့နေရာတွေက လမ်းတွေမှာ လျှောက်သွားပြီး သူမြင်တွေ့သမျှကို ခေါင်းအေးအေးနဲ့ တုံ့ပြန်နိုင်မှုဟာ အမျိုးမျိုးသော အတွေ့အကြုံတွေကို လက်သင့်ခံနိုင်တဲ့ သူ့ရဲ့ ပွင့်လင်းတဲ့စိတ်ကြောင့် ဖြစ်ပါတယ်။” လို့ Westerbeck က ရှင်းပြပါတယ်။
Henri Cartier-Bresson ရဲ့ ဓာတ်ပုံအတော်များများဟာ ပျော်စရာကောင်းနေသော်လည်း (ကလေးငယ်လေးတစ်ယောက် လက်ထဲမှာ ဝိုင်ပုလင်းနှစ်လုံးကို ပိုက်ပြီး ဂုဏ်ယူတဲ့ မျက်နှာပေးနဲ့ လမ်းပေါ်မှာပြေးနေတဲ့ ဓာတ်ပုံကို ဥပမာထားကြည့်ပါ) သူ့ရဲ့ ပုံအများစုဟာ ဘက်လိုက်မှုကင်းတဲ့ အနေအထားနဲ့ ရိုက်ကူးထားတာတွေ ဖြစ်ကြပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုရင် HCB အနေနဲ့ ပန်းချီသမားအနေနဲ့ လေ့ကျင့်မှုရှိခဲ့ပြီး သူဓာတ်ပုံရိုက်တဲ့အခါမှာလည်း အဓိကအားဖြင့် composition နဲ့ form တို့ကို ပိုစိတ်ဝင်စားလို့ဖြစ်ပါလိမ့်မယ်။ အတိုခုျပ်အနေနဲ့ HCB မှာ သူရိုက်တဲ့ အရာတွေကို ခွဲခြားနှိမ့်ချတတ်တဲ့ စိတ်မရှိလို့ပဲဖြစ်ပါတယ်။
Street Photography မှာ ရိုက်ကူးတဲ့ အကြောင်းအရာတွေကို ခွဲခြားမှု မရှိသင့်ပါဘူး။ ရိုက်ကူးသူများအနေနဲ့ သူတို့အမြင်မှာ အပေါင်းဘက်ကဲတဲ့ အမြင်၊ အဆိုးဘက်ကဲတဲ့ အမြင် အသီးသီး ရှိကြမှာပဲ ဖြစ်ပါတယ်။ သို့သော်လည်း မတူညီတဲ့ နေရာဒေသတွေကို သွားတဲ့အခါမှာ လူတိုင်းကို တူညီတဲ့ လေးစားမှုနဲ့ စာနာမှုရှိပါ။ အခြားသူများရဲ့ ဘဝတွေနဲ့ လူသားအတွေ့အကြုံတွေကို ပွင့်လင်းစိတ်နဲ့ ကြည့်ပါ။
New York မြို့မှာ Street Photography အရိုက်များပြီး ပုံစံတစ်မျိုးနဲ့ တသတ်မတ်တည်းရိုက်တယ်ဆိုရင် အာရှဘက်မှာ ရိုက်တဲ့အခါ ဒါကို ရုတ်တရတ်ကြီး ပြောင်းလိုက်တာမျိုး မဟုတ်ပါနဲ့။
၁၇။ အသေးအဖွဲများရဲ့ အရေးပါမှု
ဓာတ္ပံု – Henri Cartier-Bresson
ဓာတ်ပုံ – Henri Cartier-Bresson
Henri Cartier-Bresson ဆီကနေ ရနိုင်တဲ့ နောက်ထပ် အမြင်တစ်ခုကတော့ ဓာတ်ပုံထဲက အသေးအဖွဲများရဲ့ အရေးပါမှုပဲဖြစ်ပါတယ်။ “ယေဘုယျ အတွေးအခေါ်” က ဘာမှမဟုတ်ဘူး။ အသေးအဖွဲလေးတွေကပဲ ခြားနားသွားအောင် ဆောင်ရွက်ပေးတာ လို့ Le Monde သတင်းစာက အင်တာဗူျးသမားကို ၁၉၇၀ ကာလလောက်က ပြောကြားသွားခဲ့ပါတယ်။
ဒါကြောင့် လမ်းပေါ်မှာ ရိုက်တဲ့အခါ ပုံနောက်ခံမှာပါမယ့် အသေးအဖွဲလေးတွေက ဓာတ်ပုံကို ပိုမိုကောင်းမွန်အောင် လုပ်နိုင်တယ်လို့ သတိပြုစေလိုပါတယ်။ HCB ရဲ့ နာမည်ကျော် ဓာတ်ပုံဖြစ်တဲ့ လူတစ်ယောက် ရေအိုင်ကို ခုန်ကျော်နေတဲ့ ပုံမှာဆိုရင် ဓာတ်ပုံက ကောင်းတာ အငြင်းပွားဖို့မရှိပါဘူး။ ဒါပေမယ့် ပုံရဲ့ အနောက်ဘက်မှာ ဘဲလေးကခြေသည်ပိုစတာကို သတိထားမိပါသလား။
ဘဲလေးကခြေသည်က ဆန့်ကျင်ဘက်ကို ခုန်နေတာလေးဟာ ဒီဓာတ်ပုံကို အချိုပေါ် သကာလောင်းပေးတဲ့ အသေးအဖွဲလေးပဲ ဖြစ်ပါတယ်။
လမ်းပေါ်မှာ ရိုက်တဲ့အခါ တစ်မီလီမီတာက အပြောင်းအလဲ ဖြစ်စေနိုင်တယ်ဆိုတာကို သတိပြုပါ။ မြင်ကွင်းတစ်ခုကို ဓာတ်ပုံတစ်ပုံပဲရိုက်ပြီး နောက်တစ်နေရာကို သွားတာမျိုး လုပ်မယ့်အစား တစ်နေရာမှာ အနေအထား အမျိုးမျိုးနဲ့ ရိုက်ကြည့်ဖို့ ကြိုးစားသင့်ပါတယ်။
ခ) Street Photography ရဲ့ သမိုင်းက ပြောပြတဲ့ နည်းပညာပိုင်းဆိုင်ရာများ
၁။ Bokeh နဲ့ ပြတ်သားမှုတို့နဲ့ ပတ်သက်တဲ့ ၁၉၀၀ အစောပိုင်းကာလက အငြင်းပွားမှုများ
ဓာတ္ပံု – Alfred Steiglitz
ဓာတ်ပုံ – Alfred Steiglitz
Street Photography ကို ရိုက်ဖို့ တိတိကျကျနည်းလမ်းတစ်ခုရယ်လို့ မရှိပါဘူး။ အင်တာနက်မှာဆို ပြတ်သားမှုနဲ့ Bokeh ၊ focus ပြတ်သားမှု နဲ့ မပြတ်သားမှု၊ အဖြူ အမည်းနဲ့ အရောင် စသဖြင့် အငြင်းပွားမှုတွေ အများအပြားရှိပါတယ်။ ဒီအငြင်းပွားမှုမျို့းကို အတိတ်မှာလည်း အထူးတလည်ငြင်းခဲ့ကြတာကို အမှတ်ရစေလိုပါတယ်။
ဥပမာအနေနဲ့ ၁၈၀၀ ခုနှစ် နှောင်းပိုင်းနဲ့ ၁၉၀၀ ခုနှစ် အစောပိုင်းကာလတွေက ပြတ်သားမှုနည်းတဲ့ ဓာတ်ပုံတွေနဲ့ ပြတ်သားမှုရှိတဲ့ ဓာတ်ပုံတွေအကြား အငြင်းပွားတာကို Bystander စာအုပ်ထဲက ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။
“Emerson အနေနဲ့ gum print တွေ ပြုလုပ်တဲ့ ဓာတ်ပုံသမားတွေကို “စာရွက်အစွန်းထင်အောင်လုပ်သူတွေ” လို့ ရှုံချခဲ့ပါတယ်။ Stieglitz ကတော့ Emerson ရှေ့နေလိုက်ခဲ့တဲ့ soft-focus နည်းလမ်းကို သဘောမတူခဲ့ပါဘူး။ Stieglitz ကနေ Strand ကို ပထမဆုံးပေးခဲ့တဲ့ အကြံပေးချက်ကတော့ သူ့ရဲ့ lens ကို ဝေဝါးမှုနည်းအောင် f stop လျှော့ရိုက်ဖို့ပဲ ဖြစ်ပါတယ်။ မပြတ်သားမှုဟာ ဓာတ်ပုံတွေထဲက ဘဝရဲ့ တစ်ဦးတစ်ယောက်ချင်းနဲ့ဆိုင်တဲ့ အရည်အသွေးကို ဖျက်ဆီးပစ်တယ်လို့ Emerson က Strand ကို ပြောခဲ့ပါတယ်။”
နောက်ထပ်ဥပမာကတော့ Alfred Stieglitz ရဲ့ ကျော်ကြားတဲ့ “Winter- fifth avenue, 1893” ဓာတ်ပုံကို ပြတ်သားမှုမရှိတဲ့အတွက် လူတွေက မုန်းတီးခဲ့ကြပါတယ်။ ဒါပေမယ့် မပြတ်သားမှုက အဲ့ဒီဓာတ်ပုံကို နာမည်ကြီးစေခဲ့တာ ဖြစ်ပါတယ်။
“Streglitz က ဓာတ်ပုံ နဂ္ဂတစ်ကို New York Society of Amateur Photographers မှာ ပြတဲ့အခါ ရရှိတဲ့ တုံ့ပြန်ချက်ကတော့ ဒီပုံကို လွှင့်ပစ်ဖို့ပါပဲ။ ဝေဝါးပြီး ပြတ်သားမှုမရှိလို့ ဖြစ်ပါတယ်။ Stieglitz ကတော့ ဒါဟာ သူလိုချင်တဲ့ ပုံစံပဲဖြစ်ပါတယ်။ ဒါဟာ ခေတ်တစ်ခုရဲ့ အစပဲ။ အမြင်သစ်လို့ ခေါ်လည်းရတယ် လို့ ပြန်ပြောင်းခဲ့ပါတယ်။”
ဓာတ်ပုံသမားတွေအနေနဲ့ မိမိတို့ နှစ်သက်ရာ နည်းလမ်းများနဲ့ ရိုက်ကူးနိုင်ကြပါတယ်။ ရိုက်ကူးပုံနည်းစနစ်၊ ပုံများကို ပြင်ဆင်ခြင်းနည်းစနစ်တွေကို စမ်းသပ်ကြည့်ပါ။ အခြားသူများ ပြောတာကို နားမထောင်ဘဲ မိမိနှစ်သက်တာကို ပြုလုပ်ပါ။ မိမိစမ်းသပ်တာတွေကို project တစ်ခုထဲမှာ ထားခြင်းဖြင့် နည်းစနစ် တည်ငြိမ်အောင် ကျိုးစားပါ။
၂။ Street Photography မှာ ပြတ်သားမှုက ဘယ်လောက်အရေးပါသလဲ
ဓာတ်ပုံ – Henri Cartier-Bresson။ ပုံရဲ့ ညာဘက်ကလူ ပြတ်သားမှုမရှိတာကို သတိပြုပါ။ ဒါပေမယ့် ဒီဓာတ်ပုံဟာ ကောင်းမွန်တဲ့ ပုံတစ်ပုံပါပဲ။
ယခုအခါ ဓာတ်ပုံသမား အများစုမှာရှိတာကတော့ အလွန်ပြတ်သားချင်တာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံဖိုရမ်တွေမှာဆို အမျိုးမျိုးသော lens တွေကို အမျိုးမျိုးသော aperture တွေမှာ စမ်းသပ်ထားတဲ့ ပုံတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။
Henri Cartier-Bresson ကတော့ “ပြတ်သားမှုဟာ ဘူဇွာ အယူအဆ” လို့ တစ်ခါက ပြောဖူးပါတယ်။ ဒါဟာ ယခုအခါမှာ ပိုပြီး မှန်ကန်မှု ရှိနေပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ HCB က Museum of Modern Art မှာ ပြုလုပ်တဲ့ Beaumont Newhall ရဲ့ ပထမဆုံးပြပွဲမှာ Newhall ကို သူအနေနဲ့ “aigu” (ပြင်သင်ဘာသာနဲ့ ပြတ်သားမှု) ကို နှစ်သက်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။
“Aigu အနေနဲ့ အမြင်ဆိုင်ရာ ပြတ်သားမှုထက် ပါဝင်တဲ့ အကြောင်းအရာရဲ့ ပြင်းထန်မှု ကို ပိုဆိုလိုတယ်”လို့ Westerbeck က အနက်ပြန်ပြပါတယ်။
ဒါဟာ အလေးထားမှတ်သားသင့်တဲ့အချက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ HCB ရဲ့ ထင်ရှားတဲ့ပုံအများစုဟာ ပြတ်သားထင်ရှားမှုနည်းပါတယ်။ အကြီးချဲ့ထားတဲ့ ပြပွဲက ပုံတွေကို မြင်ဖူးရင် ပိုသိသာပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့ပုံတစ်ပုံဖြစ်တဲ့ စပိန်က နွားသိုးခြံထဲက ရက်စက်တဲ့မျက်လုံးနဲ့သူပါဝင်တဲ့ ပုံဟာဆိုရင် သိသိသာသာ out-of-focus ဖြစ်နေပေမယ့် အမှတ်ရစရာ ကောင်းမွန်လှတဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။
Street Photography မှာ ပြတ်သားမှုကို ပူပန်မနေပါနဲ့။ နည်းပညာပိုင်းနဲ့သက်ဆိုင်တဲ့ အချက်တွေအရေးမပါတာဟာ Street Photography ရဲ့ အလှတစ်ခုဖြစ်ပါတယ်။ ပုံမှာဖော်ပြတဲ့ အကြောင်းအရာနဲ့ ဘယ်လိုဖွဲ့စည်းတယ်၊ ကြည့်သူကို ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာက ပိုအရေးကြီးပါတယ်။
ဒါကြောင့် မှတ်သားထားတဲ့ ကင်မရာ ဖိုရမ်နဲ့ ဝက်ဘ်ဆိုက်တွေကို မေ့လိုက်ပါ။ အဲဒါတွေက G.A.S. လို့ခေါ်တယ် ကင်မရာ၊ မှန်ဘီလူး လိုချင်တဲ့ ရောဂါကိုပဲ တိုးစေပြီး မိမိမှာရှိပြီးသား ကင်မရာ မှန်ဘီလူးနဲ့ အပြင်ကို ထွက်မရိုက်ဘဲဖြစ်စေပါတယ်။
၃။ Street Photography ကို အရောင်နဲ့ ရိုက်ခြင်း
ဓာတ္ပံု – Joel Meyerowitz
ဓာတ်ပုံ – Joel Meyerowitz
ယနေ့အခါမှာ နည်းပညာရဲ့ ကျေးဇူးကြောင့် RAW နဲ့ ရိုက်ကူးနိုင်နေပါပြီ။ ရိုက်ပြီးမှ ဓာတ်ပုံတွေကို အရောင် သို့မဟုတ် အဖြူအမည်းအနေနဲ့ သိမ်းမလား ဇိမ်ကျကျ ဆုံးဖြတ်နိုင်နေပါပြီ။
ဒီလိုအနေအထားရဲ့ ပြဿနာက တည်ငြိမ်မှု မရှိတော့တာပါပဲ။ ဒါ့အပြင် အရောင် သို့မဟုတ် အဖြူအမည်း ရိုက်တာပေါ်မူတည်ပြီးတော့ ကြည့်ရာမှာကွာခြားမှု ရှိပါတယ်။
ဓာတ်ပုံသမားတွေ မူလ အဖြူအမည်းကနေ အရောင်နဲ့ လမ်းပေါ်မှာရိုက်တဲ့အခါ ဘယ်လိုများ ခြားနားပြီးမြင်ရသလဲဆိုတာကို Street Photography မှာ အရောင်နဲ့ စတင်ရိုက်ကူသူများထဲက တစ်ယောက်ဖြစ်တဲ့ Joel Meyerwoitz က Westerbeck ကို ပြန်လည် မျှဝေပါတယ်။
“ငါ့အတွက် အရောင်က ကွဲပြားခြားနားတယ်။ အရောင်ရဲ့ ဖော်ပြနိုင်စွမ်းအားဟာ ပိုကြီးမားတယ်။ ဒါပေမယ့် ပိုနှေးကွေးတယ်။ ငါ့ subject နဲ့ ငါက လှုပ်ရှားနေတယ်ဆိုရင် ပုံက အမြဲတမ်း မပြတ်သားဘူး။ ဒါကြောင့် အရင်က ရိုက်တာထက် ပိုဝေးဝေးကနေ ရိုက်ဖြစ်တယ်။”
Meyerowitz အရောင်နဲ့ ရိုက်တဲ့အချိန်တုန်းက အရောင်ဖလင်ရဲ့ speed က အလွန်နှေးပါတယ်။ 25 ISO လောက်ပဲရှိပါတယ်။ ဒါကြောင့် သူ့ရဲ့ပုံတွေ ပြတ်သားဖို့အတွက် သူ့အနေနဲ့ အဝေးကနေ မလှုပ်ဘဲ ရိုက်ဖို့လိုအပ်ပါတယ်။ ဒါကို သူရိုက်ခဲ့တဲ့ အဖြူအမည်းဖလင် Tri-X 1200 ISO နဲ့ယှဉ်ကြည့်နိုင်ပါတယ်။ အဖြူအမည်းနဲ့ဆို သူ့အနေနဲ့ မြန်မြန်ဆန်ဆန်နဲ့ လှုပ်လှုပ်ရှားရှား ရိုက်နိုင်ခဲ့ပါတယ်။
ဘာကြောင့် အရောင်ရဲ့ ဖော်ပြနိုင်စွမ်းအားကြီးရသလဲဆိုတာကို Meyerowitz က ရှင်းပြပါတယ်။ သူ့ရဲ့အရောင်နဲ့ ဓာတ်ပုံတွေ နဲ့ အဖြူအမည်း ဓာတ်ပုံတွေကို ယှဉ်ကြည့်ရင် အကြောင်းအရာပိုင်းမှာ ကွဲပြားတာကို တွေ့နိုင်ပါတယ်။ အဖြူအမည်းနဲ့ဆိုရင် သူ့အနေနဲ့ ပိုပြီးနီးနီးကပ်ရိုက်ပြီး ပုံထဲမှာ subject အနည်းငယ်ပဲ ပါပါတယ်။ အရောင်နဲ့ ဓာတ်ပုံတွေမှာတော့ သူ့အနေနဲ့ ခြေတစ်လှမ်းနောက်ဆုတ် ရိုက်ဖြစ်ပြီး subject ပိုများပြီး ပိုရှုပ်ထွေးပါတယ်။ ဒါကို အရောင်က ခွဲခြားပေးနိုင်ပါတယ်။
Street Photography ရိုက်တဲ့အခါ လမ်းပေါ်မထွက်ခင် အဖြူအမည်းနဲ့ရိုက်မလား အရောင်နဲ့ရိုက်မလား အရင်ဆုံးဖြတ်ပြီးမှ ထွက်ပါ။
ဘာကြောင့်လဲဆိုတော့ အရောင်နဲ့ ရိုက်မယ်ဆိုရင် နေ့စဉ်ဘဝထဲက အရောင်တွေ၊ ရှုပ်ထွေးမှုတွေနဲ့ အမြင်ဆိုင်ရာ အစိတ်အပိုင်းတွေကို ရှာဖွေရလို့ပါပဲ။ အဖြူအမည်းဆိုရင်တော့ အရိပ်တွေ၊ ပုံသဏ္ဌန်တွေကို ရှာဖွေရလို့ပါပဲ။
ဒီဂျစ်တယ်နဲ့ ရိုက်တယ်ဆိုရင်တော့ RAW နဲ့ရိုက်သင့်ပါတယ်။ ဒါမှ နောက်ပုံကိုပြင်တဲ့အခါမှာ အချက်အလက်တွေပိုရရှိနိုင်လို့ပါပဲ။
နောက်ထပ် အကြံပေးချက်တစ်ခုကတော့ RAW နဲ့ရိုက်တဲ့အခါ ကင်မရာ preview screen ကို အရောင် သို့မဟုတ် အဖြူအမည်း တစ်ခုခု ထားပါ။ ဒါက နောက်ဆုံးပုံ ဘယ်လိုထွက်မလဲ အကြမ်းဖြင်း သိစေနိုင်ပါတယ်။ ရိုက်နေတုန်းမှာ ကင်မရာ preview screen ကို ခဏခဏတော့ မကြည့်ပါနဲ့။ ဒါပေမယ့် ရိုက်ပြီးလို့ ကော်ဖီဆိုင်မှာ ထိုင်တဲ့အခါမျိုးမှာတော့ ရိုက်ခဲ့တာတွေကို ပြန်သုံးသပ်တဲ့အခါမျိုးမှာ ကြည့်နိုင်ပါတယ်။
၄။ ISO အမြင့်နဲ့ရိုက်ခြင်း
ဓာတ္ပံု – Garry Winogrand
ဓာတ်ပုံ – Garry Winogrand
အချို့သော Street ဓာတ်ပုံသမားတွေက ISO ကို ၂၀၀ အထက်တင်ပြီး မရိုက်လိုပါဘူး။ Grain ထမှာ ကြောက်လို့ပါ။ ဒါနဲ့ ပတ်သက်လို့ ဘာပြဿနာရှိနိုင်ပါသလဲ။ မြင်ကွင်းပြတ်သားမှုပိုအောင် (f/8) လို f-stop နဲ့ရိုက်တဲ့အခါမှာ shutter speed အနေနဲ့ မကြာခဏ နှေးသွားတတ်ပါတယ်။
ဆရာသမားတွေ သူတို့ ဖလင်ကို ဘယ်လိုရိုက်ခဲ့ပါသလဲ။
ဓာတ်ပုံရဲ့ အစောပိုင်းကာလ (၁၈၀၀ ခုနှစ်နောင်းပိုင်းကနေ ၁၉၀၀ ခုနှစ်အစောပိုင်းကာလ) မှာ street photographer တွေဟာ ISO 25 ဖလင်လို နှေးတဲ့ ဖလင်တွေပဲ ရှိပါတယ်။ နည်းပညာတိုးတက်လာတာနဲ့ (ISO 400 ဖလင် စတင်ရရှိလာတဲ့အခါ) Joel Meyerowitz နဲ့ Garry Winogrand တို့လို ဂန္တဝင် street သမားတွေဟာ ISO 400 ဖလင်ကို ISO 1200 အထိ push လုပ်ပြီး ရိုက်ကြပါတယ်။ ဒါလိုရိုက်တာက သူတို့ကို Leica ကင်မရာရဲ့ အမြန်ဆုံး shutter speed ဖြစ်တဲ့ (1/1000 စက္ကန့်)နဲ့ ရိုက်လို့ ရစေပါတယ်။ ဒါကို Joel Meyerowitz က Colin Westerbeck ကို အင်တာဗူျးတစ်ခုမှာ ရှင်းပြပါတယ်။
“ငါတို့က Tri-X ဖလင်ကို 1200 ASA (ISO) အထိ push လုပ်ပြီးရိုက်တယ်။ မူလ ISO က 400 ပဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ တတ်နိုင်သမျှ 1/1000 စက္ကန့်နဲ့ ရိုက်ချင်လို့ပဲ။ လမ်းပေါ်မှာ 1/125 နဲ့ရိုက်ရင် ပုံတွေ ဝါးသွားတတ်တယ်။ ရွေ့နေတာကို ရိုက်ရင်ဖြစ်ဖြစ်၊ မိမိကိုယ်တိုင်က ရွေ့နေရင်ဖြစ်ဖြစ် ပုံထိခိုက်သွားနိုင်တယ်။ ငါ့ပုံတွေက ဝေဝါးပြီး Garry ရဲ့ပုံတွေက ပြတ်သားတာကိုတွေ့ရတဲ့အခါ နည်းပြောင်းခဲ့တာဖြစ်တယ်။ Frank က အဲလို မရိုက်ဘူး။ သူ့ပုံတွေက ပိုနှေးတယ်။ သူ့အနေနဲ့ 1/30 နဲ့ 1/125တို့နဲ့ ရိုက်တာ တွေ့နိုင်တယ်။”
Tri-X ကို ပိုမြင့်တဲ့ ISO အဖြစ် push ပြီးရိုက်တဲ့အခါ grain တွေ ပိုထပါတယ်။ ဓာတ်ပုံသမားအများက ဒါကို မကြိုက်ကြပါဘူး။
ဒါပေမယ့် နည်းပညာကြောင့် ယခုအခါမှာ ISO မြင့်မြင့်ရိုက်ကူးနိုင်တဲ့ ကင်မရာတွေ ရှိနေပါပြီ။ ISO 1600 နဲ့ရိုက်တာတောင် noise ထတာ မတွေ့ရပါဘူး။
Street Photography ရိုက်ပြီး ဝေဝါးတာမလိုချင်ဘဲ ပြတ်သားတဲ့ ပုံတွေကိုလိုချင်ရင် ISO အမြင့်နဲ့ ရိုက်ပါ။ နေ့ခင်းဘက်ရိုက်တဲ့အခါမှာတောင် ကင်မရာကို ISO 1600 သို့မဟုတ် 3200 အထိ ထားရိုက်ပါ။
အတွေ့အကြုံအရဆိုရင် တစ်စုံတစ်ရောက် လမ်းလျှောက်တာကို တုန်ဝါးခြင်းမရှိဘဲ ရိုက်လိုတယ်ဆိုရင် 1/250 စက္ကန့်လောက်နဲ့ ရိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ ပြေးနေတယ်ဆိုရင်တော့ 1/1000 စက္ကန့်လောက်နဲ့ ရိုက်ဖို့ လိုပါလိမ့်မယ်။
ဥပမာအနေနဲ့ မြန်တဲ့ shutter speed ရှိတဲ့ ဒီဂျစ်တယ်ကင်မရာတွေမှာ f/8 (ISO 1600) နဲ့ နေရောင်အောက်မှာ ရိုက်ရင် shutter speed က 1/1000 ထက် ပိုမြန်နိုင်ပါတယ်။ အကာအကွယ်တွေအောက်ရောက်သွားရင်တော့ shutter speed က ISO 1600 မှာတောင် 1/250 (လှုပ်ရှားမှုကို ဖမ်းနိုင်တဲ့ အနှေးဆုံး shutter speed) အထိ ကျသွားနိုင်ပါတယ်။
လမ်းပေါ်မှာ ရိုက်တဲ့အခါ ISO 1600 ဒါမှမဟုတ် ဒီ့ထက်ပိုတဲ့ ISO နဲ့ ရိုက်ဖို့ မကြောက်ပါနဲ့။ ဒါက “အဆုံးအဖြတ်ပေးတဲ့အခိုက်အတန့်”ကို ဖမ်းယူရာမှာ အကူအညီပေးပါလိမ့်မယ်။
၅။ အမျိုးမျိုးသော အလင်းရောင် အနေအထားမှာ ရိုက်ကူးခြင်း
ဓာတ္ပံု – Henri Cartier-Bresson
ဓာတ်ပုံ – Henri Cartier-Bresson
Street Photographer တိုင်းမှာ သူတို့နှစ်သက်တဲ့ အလင်းရောင် အနေအထား အမျိုးမျိုး ရှိကြပါတယ်။ တစ်ချို့က နေ့ခင်းဘက်ရိုက်ရတာ နှစ်သက်ပြီး တစ်ချို့က နေဝင် / နေထွက်၊ တစ်ချို့က ညဘက်ရိုက်ရတာကို ကြိုက်ကြပါတယ်။
Street Photography ရဲ့ အထင်ကရတွေထဲက အချို့ကကော ဘယ်လိုအချိန်တွေမှာ ရိုက်ရတာကို နှစ်သက်ကြပါသလဲ။
Henri Cartier-Bresson အနေနဲ့ တိမ်ထူတဲ့အခါ ရိုက်ရတာကို နှစ်သက်ပါတယ်။ “အရင်က အနုပညာဆန်တဲ့ ဓာတ်ပုံတွေမှာ အလင်းအမှောင် တအားပြတ်သားတာနည်းပါတယ်။ HCB ရဲ့ ဓာတ်ပုံတွေမှာ နေအလင်းရောင်ပါတယ်ဆို များသောအားဖြင့် background မှာ ကျလေ့ရှိပြီး foregound က subject တွေကတော့ အရိပ်ထဲမှာ ရှိပါတယ်။ နေရောင်မရှိတာကို ပိုကြိုက်တယ်။ HCB အနေနဲ့ တိမ်ထူတဲ့နေ့မှာ ဓာတ်ပုံပိုရိုက်လေ့ရှိတယ်” လို့ Westerbeck က ရှင်းပြပါတယ်။
HCB အနေနဲ့ကော နေရောင်နဲ့ ပတ်သက်လို့ သူကိုယ်တိုင် ဘာပြောခဲ့ပါသလဲ။
“နေရောင်က အလွန်ပြဿနာဖြစ်စေတယ်။ တိမ်အနည်းငယ်ထူတဲ့ အနေအထားက subject ပတ်လည်ကို လွတ်လွတ်လပ်လပ် ရွေ့လို့ရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် သူ့ပုံတွေကို မီးခိုးရောင်ရှိတာကို နှစ်သက်ပါတယ်။
တိမ်ထူတဲ့နေ့တွေမှာ street photography ရိုက်တာက ပြုလွယ်ပြင်လွယ်ပါတယ်။ အလင်းရောင်က တောက်ပမှုသိပ်မရှိပေမယ့် ညီညီမျှမျှရှိပါတယ်။ ဒါက HCB ပြောတဲ့အတိုင်း “subject ကို စိတ်ကြိုက် လှည့်ရိုက်”လို့ရစေနိုင်ပါတယ်။ ဒါကြောင့် အလင်းရောင်မကောင်းတဲ့အခါမျိုးမှာ မရိုက်ဖြစ်တာ မဖြစ်ပါစေနဲ့။
အဖြူအမည်း street ပုံတွေရဲ့ ယေဘုယျ ရသအမြင်က ပုံတွေမှာ contrast များများရှိတဲ့အခါမှာ ဖြစ်ပါတယ်။ HCB ရဲ့ ပုံအများစုကတော့ contrast နည်းနည်းပဲရှိတာကို သတိပြုစေလိုပါတယ်။ ဒါကြောင့် contrast ကို အမြင့်ဆုံးအထိ မြှင့်ဖို့ အမြဲမစဉ်းစားပါနဲ့။ တစ်ခါတစ်ရံမှာ မီးခိုးရောင်ပိုများတာက ပိုပြီးတည်ငြိမ်အေးချမ်းမှုရှိတဲ့ပုံတွေ ဖြစ်စေနိုင်ပါတယ်။  
Eric Kim ၏ The History of Street Photography: Timeless Insights You Can Learn ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
Eric Kim ဟာ အမေရိကန်ပြည်ထောင်စုမှ Street Photographer တစ်ဦးဖြစ်ပြီး (http://erickimphotography.com/blog/) မှာ Street Photography နဲ့ ပတ်သက်ပြီး ဆောင်းပါးများ၊ အင်တာဗျူးများ ရေးသားနေသူ ဖြစ်ပါတယ်။
ဘာသာပြန် – THT
Street Photography ရဲ့ သမိုင်း – အပိုင်း (၃) ဆက်လက်ဖတ်ရှုရန်