Street Photography မရိုက်ဖို့ အဓိကအကြောင်းရင်း ၆ချက်
၁ – သင့်ပုံတွေဟာ ‘like’ အများကြီးရမှာ မဟုတ်။
လူမှုကွန်ရက် social media တွေမှာ အများစုက Street Photography ရဲ့ အနုပညာကို တန်ဖိုးမထားကြဘူး။ ကြောင်နဲ့ ပန်းတွေကိုရိုက်တဲ့ပုံတွေက ‘like’ ပိုရတတ်ပါတယ်။
၂ – သင့်ဓာတ်ပုံတွေဟာ ရောင်းစားလို့မရဘူး။
ဓာတ်ပုံဆရာက နာမည်ကြီးမဟုတ်ရင် လူတွေက street ဓာတ်ပုံတွေကို ဝယ်လေ့မရှိပါဘူး။

၃ – Street photography နဲ့ ပိုက်ဆံရှာလို့မရဘူး။
ကင်မရာကိုင်ပြီး လမ်းပေါ်လျှောက်သွားကာ လူတစိမ်းတွေကို ဓာတ်ပုံရိုက်ဖို့ ဘယ်သူကမှ ပိုက်ဆံပေးပြီး မခိုင်းဘူး။
၄ – Street ရိုက်ရတာ ကြောက်ဖို့ကောင်းတယ်။
လမ်းမပေါ်မှာ လူတစိမ်းတွေကို ဓာတ်ပုံရိုက်ရတာ၊ ခွင့်ပြုချက်တောင်းပြီး ဓာတ်ပုံရိုက်ရတာဟာ ကြောက်စရာပါပဲ။ နှလုံးအားနည်းသူတွေအတွက် မသင့်တော်ပါဘူး။ ဓာတ်ပုံအရိုက်ခံဖို့ ငြင်းပယ်ခြင်း အကြိမ်ကြိမ်ကြုံရနိုင်ပြီး လူတချို့က ဒေါသတကြီး တုံ့ပြန်တာကိုတောင် ကြုံရနိုင်ပါတယ်။

၅ – Street ရိုက်ဖို့ သည်းခံမှုများများ၊ လမ်းလျှောက်ခြင်းများများ လိုအပ်တယ်။
လမ်းပေါ် နာရီများစွာ လျှောက်တာတောင်မှ အိမ်ကို memory card ဗလာနဲ့ ပြန်ရတာမျိုး ဖြစ်တတ်ပါတယ်။ ဇာတ်လမ်း၊ မှန်ကန်တဲ့ exposure နဲ့ ဖော်ပြမှု စတာတွေကို ရှာရာမှာ မိုင်များစွာလျှောက်ရတာမျိုး ရှိပါတယ်။ တစ်နေ့တာ ရိုက်ကူးမှုမှာ ပုံကောင်းတစ်ပုံရရင်ကို ကျေနပ်တတ်ဖို့ သင်ကြားရပါလိမ့်မယ်။
၆ – နည်းပညာပိုင်းအရ ပြည့်စုံတဲ့ ရိုက်ချက်ဟာ ကောင်းတဲ့ street ပုံတစ်ပုံလို့ မဆိုနိုင်ဘူး။
ကောင်းမွန်တဲ့ street ပုံတစ်ပုံရိုက်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရပါတယ်။ အဲဒီ တစ်စက္ကန့်ရဲ့ အစိတ်အပိုင်းလေးကို နောက်တစ်ကြိမ် ပြန်မရနိုင်ပါဘူး။ ဒါကြောင့် သင့်ရဲ့ အကောင်းဆုံးပုံအများစုမှာ motion blur နဲ့ noise တွေ ပါနေပါလိမ့်မယ်။ နည်းပညာပိုင်း ပြည့်စုံတဲ့ ရိုက်ချက်နဲ့ ဇာတ်လမ်းပါတဲ့ ရိုက်ချက် အကြား ရွေးရမယ်ဆိုရင် ဇာတ်လမ်းပါတဲ့ ရိုက်ချက်က အမြဲအသာရပါတယ်။

Street Photography ရိုက်ဖို့ အဓိကအကြောင်းရင်း ၆ချက်
၁ – သင်ဟာ အလွန်မိုက်တဲ့ လူတစ်စုခုမှာ ပါဝင်သွားတယ်။
Street Photography ဆိုတဲ့ အနုပညာကို အမှန်တကယ် အလေးထားသူတွေပဲ သင့်ရဲ့ ပုံတွေကို နှစ်သက်ကြပါလိမ့်မယ်။ အဲဒါက တခြားပုံတွေမှရတဲ့ ‘like’ တွေထက် အဓိပ္ပါယ်ပိုရှိပြီး ပိုဝမ်းသာစရာလည်း ဖြစ်ပါတယ်။ Street Photography အဖွဲ့တွေဟာ အလွန်စိတ်အားထက်သန်ကြသူတွေဖြစ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ တခြားသူတွေ ကျေနပ်ဖို့၊ social media မှာ လူသိခံရဖို့အတွက်လုပ်နေတာမဟုတ်ဘဲ Street Photography ကို နှစ်သက်လို့ Street ရိုက်နေကြခြင်းသာဖြစ်တယ်။

၂ – သင်ဟာ သင့်ဘေးပတ်ဝန်းကျင်ကို မှတ်တမ်းတင်နေတာ ဖြစ်တယ်။
Street Photography ဟာ အနုပညာလောကမှာ ရောင်းကောင်းတဲ့ အနုပညာမဟုတ်ပါဘူး။ Street Photographer တစ်ယောက်အနေနဲ့ သင်ဟာ ပိုကြီးတဲ့ ရုပ်ပုံကားချပ်ကို ကြည့်ရပါလိမ့်မယ်။ သင်ဟာ နောင်မျိုးဆက်တွေအတွက် တန်ဖိုးရှိနိုင်မဲ့ လက်ရှိကာလက ပုံရိပ်တွေကို ဖန်တီးနေတာပါ။ လွန်ခဲ့တဲ့ နှစ်၅ဝက Street Photographer တွေ ရိုက်ခဲ့တာတွေကိုကြည့်ကြည့်ပါ။ ပြီးတော့ အဲဒီ့ပုံတွေကနေ လေ့လာလို့ရတာတွေကို ကြည့်ကြည့်ပါ။ ဒါကြောင့် သင့်အနေနဲ့ တစ်စုံတစ်ယောက်က သင့် street ပုံတွေကို လာဝယ်ဖို့ ဆက်သွယ်လာနိုင်တာမျိုးကို ကြိုမသိနိုင်ပါဘူး။ အရောင်းအဝယ် တစ်ခါတစ်လေ ဖြစ်နိုင်ပေမယ့် ဒါကိုအမြဲတော့ မျှော်လင့်ထားလို့တော့ မရပါဘူး။
၃ – Street Photography ရိုက်တာ သင့်အတွက် သင်ရိုက်တာဖြစ်တယ်။
ကင်မရာကိုင်ပြီး လမ်းပေါ်လျှောက်ဖို့အတွက် ပိုက်ဆံမရနိုင်ပေမဲ့ သင့်အနေနဲ့လည်း ပိုက်ဆံပေးသူ customer နဲ့ စကားပြောဖို့လည်း မလိုအပ်ပါဘူး။ ပိုက်ဆံအတွက် တခြားအလုပ်လုပ်ပြီး သင့်အတွက် street ရိုက်ပါ။

၄ – Street Photography ဟာ စွဲလမ်းစေတယ်။
Street Photography ရိုက်ရင် ကြောက်ရွံ့မှုက ရပ်မသွားပါဘူး။ ဒါပေမဲ့ ဒီလို ခံစားရမှုဟာ wildlife photographer တွေ တောထဲမှာ ဝံပုလွေတစ်ကောင်ရဲ့ ရိုက်ချက်ကောင်းကောင်းရရင် ခံစားရသလို့မျိုး အစွမ်းထက်ပါတယ်။ Street Photography ဟာ ရင်ဖိုစရာ၊ ပျော်စရာ နဲ့ စွဲလမ်းစရာ ကောင်းပါတယ်။
၅ – လန်းလျှောက်ခြင်းဟာ သင့်အတွက် ကောင်းတယ်။
Street Photography က သင့်ကို သင့်ဘေးပတ်ဝန်းကျင်အား ပိုအရသာခံစေနိုင်တယ်။ ဘယ်နေရာဖြစ်ဖြစ် ဘယ်တော့မှ ပျင်းသွားစေမှာ မဟုတ်ဘူး။ ကောင်းတဲ့ ဖိနပ်တစ်ရံဝယ်ပြီး အပြင်ကို ထွက်၊ ပြီးတော့ Street Photography ကို လေ့ကျင့်ခြင်းက ပျော်ရွှင်ဖွယ် ကျန်းမာရေးလေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

၆ – သင့်အနေနဲ့ post processing မှာ အချိန်ဖြုန်းမှာ မဟုတ်ဘူး။
Street Photographer တွေဟာ noise ထ တာကို ဂရုမစိုက်ပါဘူး။ ဒါကို လက်ခံကြပါတယ်။ မှတ်တမ်းတင် Street Photography မှာ ထူးထူးဆန်းဆန်း post processing တွေ မလိုအပ်ပါဘူး။ Exposure ပြန်ချိန်တာ၊ တစ်ခါတစ်လေ crop ရတာ၊ နှစ်သက်ရင် အဖြူအမည်း ပြောင်းတာ၊ ဒီလောက်ပါပဲ။ သင်ဟာ နောက်တစ်ကြိမ်ပြန်မဖြစ်တော့မဲ့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုကို ဖမ်းယူလိုက်တာပါပဲ။ ဒါဟာ ပြည့်စုံကောင်းမွန်မှာတော့ မဟုတ်ပါဘူး။ လမ်းပေါ်က ဘဝတွေဟာ မပြည့်စုံပါဘူး။ ပျင်းစရာကောင်းတဲ့ ပုံတစ်ပုံကို Photoshop အကူအညီနဲ့ ဇာတ်လမ်းတစ်ခုအဖြစ် မပြောင်းနိုင်ပါဘူး။ သင့်ကင်မရာကို သိထားပြီး ဖြစ်နိုင်ချေအရှိဆုံး ပုံကောင်းရဖို့ အဆင်သင့်ရှိနေပါစေ။ လေ့ကျင့်မှုနဲ့အတူ သင်ဟာ ပုံတစ်ပုံရဖို့ ဘေးက အာရုံစိုက်မှု သိပ်မခံရပဲ စောင့်မျှော်တတ်လာပြီး အဆင်သင့် ဖြစ်လာပါလိမ့်မယ်။ ဇာတ်လမ်း၊ အလင်းရောင် နဲ့ ဖွဲ့စည်းတည်ဆောက်ပုံ အားလုံး ကိုက်ညီတဲ့ ရှားပါးတဲ့ အခိုက်အတန့်လေးတွေဟာ street သမားတွေကို မပင်မပန်းနိုင် လမ်းတွေပေါ် ထွက်စေပါတယ်။
Street Photography ဟာ ဘယ်နေရာမှာဖြစ်ဖြစ် ရိုက်လို့ရနိုင်ပါတယ်။ လူတွေရှိနေသရွေ့ပေါ့။ ဘယ်နေရာမှာဖြစ်ဖြစ် Street Photography ရဲ့ ပထမဆုံး စည်းကမ်းကတော့ လေးစားမှုရှိဖို့ပါပဲ။ အပိုဆုအနေနဲ့ မိတ်ဆွေတွေ တိုးပွားစေပါတယ်။ ဒါဟာ လှပတဲ့ အကြောင်းအရာပါပဲ။ အဆုံးသတ်အနေနဲ့ Street Photography ကို အကောင်းဆုံး ကိုယ်စားပြုပေးနိုင်မဲ့ ကောက်နှုတ်ချက်ကလေးနဲ့ နိဂုံးချုပ်ပါတယ်။
“ကောင်းတဲ့ လမ်းလျှောက်ဖိနပ်တစ်ရံဝယ်ပါ။ ပြီးတော့ ချစ်ခြင်း တွေ့ကြုံခံစားကြည့်ပါ။” – Abbas

ဘာသာပြန် – THT
ဝန်ခံချက်။ ။ Myanmar Street Photographers တွင် THT ရေးသားခဲ့သော “Street Photography Project ဘယ်လို စလုပ်မလဲ” ဆောင်းပါးအားပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။