Photo Essay:
ပြည်သူနဲ့အတူ…
© J Nyein
Edited by: Chit Min Maung (http://www.cmmaung.me)
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့ ဧက ၃၀၀ ကျယ်ဝန်းတဲ့ အမှိုက်ပုံမီးလောင်မှုဟာ အခုဆိုရင် ရက်သတ္တတစ်ပတ်သို့တိုင်ခဲ့ပါပြီ။
ဒီမီးလောင်မှုမှာ ပင်ပန်းဆင်းရဲမှုဒဏ်ကို အခံရဆုံးကတော့ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်ပါတယ်။ ဒီမီးလောင်မှုမှာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ကျော်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ စုစုပေါင်းအင်အား ၃၀၀ ကျော်က နေ့၊ ညမနား ငြှိမ်းသတ်နေခဲ့ကြရတာဖြစ်ပါတယ်။
ဒီမီးလောင်မှုဟာ မီးသတ်တပ်ဖွဲ့ဝင်တို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ရှေ့တန်းစစ်မျက်နှာတစ်ခုဖြစ်တယ်ဆိုတာ သတင်းစကားတွေ၊ သူတို့ရဲ့ပုံရိပ်တွေက ပြဆိုနေပါတယ်။ အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိနေတဲ့ နွေနေပူပူအောက်မှာ အစားအသောက်ဆင်းရဲ၊ အကာအကွယ် ပစ္စည်းအားနည်းမှုတွေကြားကနေ ဒီတိုက်ပွဲကို ဆင်နွှဲနေကြရတာဖြစ်ပါတယ်။ ရေတို၊ ရေရှည်ကြည့်ရမယ့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုအားနည်းချက်တွေနဲ့လည်း သူတို့ကြုံဆုံဖြတ်သန်းနေရပါတယ်။
ဒီလိုအစစအရာရာမှာ ဆင်းရဲချို့တဲ့နေခဲ့ပေမယ့် တာဝန်ပိုင်းမှာ မလစ်ဟင်းစေဘဲ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ဆောင်ရွက်ကြတဲ့ သူတို့အတွက် ပြန်လည်ရရှိတာကတော့ ပြည်သူလူထုရဲ့ ဂရုဏာမေတ္တာနဲ့ ချီးကျူးဂုဏ်ပြုမှုများဖြစ်ပါတယ်။
အတိတ်ကာလဆီက ဝေဖန်မှုများစွာနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များဟာ ဒီကနေ့ ကာလမှာတော့ ပြည်သူ့ရဲ့မေတ္တာကို ခံယူနိုင်ခဲ့တဲ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။
တစ်နည်းဆိုရရင်တော့ လက်ရှိအစိုးရပြောဆိုထားချက်ဖြစ်တဲ့ “ပြည်သူနဲ့အတူ”ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို အဖော်ဆောင်နိုင်ဆုံးသော လူ့ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ရပ်ဖြစ်တယ် ဆိုတာပါပဲ။














