Photo Essay

Photo Essay : တွင်ကျယ်ထွန်းကားဆဲ စိပ်ပုတီးလုပ်ငန်း by Thu Yein

ပုတီးဟာ မြန်မာလူမျိုးတွေရဲ့ မရှိမဖြစ်အသုံးအဆောင်ပစ္စည်းဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ အဆင်တန်ဆာအဖြစ် အသုံးပြုခဲ့ကြခြင်းကတော့ အထင်အရှားပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် ပျူခေတ်က ပျူပုတီးတွေဟာ ထင်ရှားတယ်။ အရောင်အသွေး၊ အလုံးအဖန်၊ အစပ်အဟပ်တွေက လက်ရာမြောက်လှတယ်။ ပုဂံခေတ်မှာတော့ ပုတီးက လည်မှာ ဆင်ယင်တာသာမက အဝတ်အစားချပ်ဝတ်တန်ဆာတွေမှာပါ ပုတီးကုံးတွေနှင့် အလှဆင်တယ်။ နံရံဆေးရေးပန်းချီက ပုဂံသူတွေရဲ့ ခါးမှာပုတီးနှင့် အလှဆင်ထားတဲ့ ချပ်ဝတ်အထည်တွေ တွေ့ရတယ်။

ခေတ်တွေဘယ်လိုပြောင်းပေမယ့် အဆင်တန်ဆာအဖြစ် ပုတီးကိုပစ္စည်းအမျိုးမျိုးနှင့် ပြုလုပ်ဆင်ယင်ကြမှုက မပြောင်းလဲပါဘူး။ ဒီထက်ပိုမိုပြီး ယောက်ျားမိန်းမမရွေး အချိန်တန်တာနှင့် ကိုင်စွဲကြရတဲ့ ပုတီးလည်းရှိပါတယ်။ ဒါကတော့ စိတ်ပုတီးပါပဲ။ စိတ်ကို သုံးသပ်ပြီး သန့်ရှင်းခိုင်မာအောင် ခွဲခြမ်းစိပ်ဖြာခြင်းပြုလုပ်တဲ့အရာ ပုတီးလို့ခေါ်တာလည်းဖြစ်မယ်။ အဆင်တန်ဆာပုတီးကိုသာ ကင်းအောင်နေနိုင်သူရှိချင်ရှိမယ်။ စိပ်ပုတီးကိုတော့ မြန်မာလူမျိုးတိုင်း မကင်းနိုင်ကြပါဘူး။

စိပ်ပုတီးကို အများဆုံးပြုလုပ်တာကတော့ သစ်သားနဲ့ပါ။ အထွတ်အမြတ်အနေနဲ့မို့ မွှေးရနံ့သင်းတဲ့ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်အသားတွေနဲ့လည်း ပြုလုပ်တယ်။ ကြာရှည်ခိုင်ခံ့အောင် ကျွန်းသားနဲ့လည်း ပြုလုပ်ကြတယ်။ အများစုက သနပ်ခါးသားနဲ့ ပြုလုပ်တယ်။ တချို့က ယွန်းနဲ့ သားရိုးပုတီး၊ ကျောက်ပုတီး၊ ကျောက်စိမ်းပုတီးတွေလည်းပြုလုပ်ကြတယ်။ အများဆုံးပြုလုပ်တဲ့ စိပ်ပုတီးလုံးအရေအတွက်က ၁၀၈လုံးပါ။ ၁၀၈ ကွက် ဓမ္မစက်ပေါ့။ 

တစ်ပြည်လုံးအတွက် စိပ်ပုတီးတွေကို မန္တလေးက ပြုလုပ်ဖြန့်ချိတာများပါတယ်။ အရင်ကတော့ မဟာမုနိဘုရားကြီးအနောက်စောင်းတန်းထိပ်၊ တက်သိမ်းမယ်တော်ဝင်းအနီး ဝန်းကျင်ဟာ ပုတီးအများဆုံးပြုလုပ်တဲ့နေရာပါ။ နောက်တော့ နေရာတွေပြန့်သွားတယ်။ အများစုက မြို့သစ်ဘက်ရောက်ကုန်တယ်။ မဟာမုနိဘုရားကြီးစောင်းတန်းဈေးဆိုင်တွေနဲ့ မန္တလေးတောင် ဦးခန္တီဇရပ်က နိဗ္ဗာန်ကုန်အရောင်းဆိုင်တွေကတဆင့် ပုတီးတွေထုတ်လုပ်ပြီး တစ်ပြည်လုံးဖြန့်တယ်။

ပုတီးစေ့တွေကို ပန်းပွတ်စက်နဲ့ပြုလုပ်ပြီး ကျလာတဲ့ လွှစာမှုန့်တွေ ပုတီးဖောက်ပြီး အသားပြားလေးတွေကလည်း ပစ်စရာမလိုဘူး။ တစ်နှစ်လုံးစာစုထားပြီး တပို့တွဲလ မဟာမုနိဘုရားကြီးပွဲတော်ရောက်တော့ တပို့တွဲလဆန်း ၁၄ ရက်က လပြည့်အကူး အရုဏ်တက်မှာ ရုပ်ရှင်တော်မြတ်ကြီးကို မီးပုံးထင်းပူဇော်တော့ ဒီပစ္စည်းတွေနဲ့ မီးပုံးထင်းအဖြစ်ပူဇော်ကြတာပါ။ သနပ်ခါး၊ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ ကျွန်းစတဲ့ အသားတွေမို့ အထွတ်အမြတ်အနေနဲ့ မီးရှို့ပူဇော်တာပေါ့။ ရာသီဥတုအေးမြလွန်းလို့ ဘုရားရှင် ခြေတော်လက်တော်ကင် အနွေးဓာတ်ရအောင်တဲ့။ ဒီနေ့အထိ ထမနဲဆွမ်းနဲ့အတူ မီးပုံးထင်းပူဇော်တာ အစဉ်အဆက်…။ 

© ThuYein Photography

Posted by

Modern platform for artists who want to share/ promote their photography artworks. We mainly focus on Street and Fine Art Photography. You can share your artworks on our website's submission page.