Street Photography Project ဘယ်လို စလုပ်မလဲ

Articles, Photo Essay
image
ဓာတ်ပုံ – Alex Webb ၏ Istanbul ဓာတ်ပုံစာအုပ်မှ

ကျနော်ပိုပြီးအာရုံစိုက်လာတာက
street photography project တွေ လုပ်တာပဲဖြစ်တယ်။ ဒီပရောဂျက်တွေက ဓာတ်ပုံရိုက်တဲ့အခါပိုပြီး
အလေးအနက်ထားစေတယ်။ ပြီးတော့ ဓာတ်ပုံတစ်ပုံချင်းစီထက် ဓာတ်ပုံတွေကိုစုစည်းပြီး ကြေငြာချက်တစ်ခု
ထုတ်ပြန်နိုင်တယ်။ ဒါကြောင့် street photography project တွေက အရေးကြီးတယ်။ စာဖတ်သူတို့အနေနဲ့
ကိုယ်ပိုင် street photography project မလုပ်ဖူးဘူးဆိုရင် (ဒါမှမဟုတ် ဉာဏ်ကွန့်မြူးတာရချင်တယ်ဆိုရင်)
အောက်မှာဖော်ပြထားတဲ့ ကိုယ်ပိုင် street photography project ဘယ်လို စလုပ်မလဲဆိုတာကို
ဖတ်ကြည့်ပါ။

မိတ်ဆက်

image
ဓာတ်ပုံ – James Dodd ၏ “Sunday Morning” series မှ

ယခုအခါမှာ
Flickr တို့လို အွန်လိုင်း လူမှုကွန်ရက် ဓာတ်ပုံ ဝက်ဘ်ဆိုက်တွေဟာ ဓာတ်ပုံတစ်ပုံချင်းစီကို
ပိုအလေးပေးနေတယ်လို့ ကျနော်ထင်ပါတယ်။ တစ်ယောက်ယောက်ရဲ့ Flickr ကိုဖွင့်ကြည့်လိုက်ရင်
အရင်ဆုံးတွေ့ရမှာက သူတို့ရဲ့ “
photo-stream” ပဲဖြစ်ပါတယ်။ အဲဒီမှာ ပုံတင်တဲ့ အချိန်ပေါ်မူတည်ပြီး ဓာတ်ပုံတွေကို
ကျပန်း ဖော်ပြပေးပါတယ်။

Flickr မှာ
“sets” ဆိုတာရှိပေမယ့် သာမန်ကြည့်သူအနေနဲ့ သူတို့စိတ်ဝင်စားတဲ့ ပုံအချို့ကိုပဲ ကြည့်မှာဖြစ်ပါတယ်။

နာမည်ကျော်
street photographer တစ်ဦးဖြစ်တဲ့ (Statement Images ကို တည်ထောင်သူ၊ Street
Reverb Magazine ကို ပူးတွဲ တည်ထောင်သူ) James Dodd က သူ့ရဲ့ Flickr account ကို ပိတ်ပြီး
အောက်ပါ မှတ်ချက်ပေးထားခဲ့ပါတယ်။

“ကျနော့်ရဲ့
ဓာတ်ပုံတွေကို ဘာလို့ အွန်လိုင်း (Flickr )မှာ တင်သလဲဆိုတာ နားမလည်တော့ပါဘူး။
Flickr က ဓာတ်ပုံတစ်ပုံချင်းဆီကို ဦးစားပေးပြီး ကျနော်က ကျနော့်ပုံတွေကို လက်တလော စီးရီးစ်အနေနဲ့
တွေးထားတဲ့အတွက် ပိုပြီး နားမလည်နိုင်တော့ပါဘူး။”

ဒီစာကြောင်းကို
ဖတ်မိတဲ့အခါ ကျနော့်ကိုလည်း အတွေးဝင်စေပါတယ်။ Flickr ရဲ့ အွန်လိုင်းအသိုင်းအဝိုင်းနဲ့
ကိုယ့်ရဲ့ ဓာတ်ပုံကို ကမ္ဘာအနှံ့ကို မျှဝေပြသနိုင်တာတွေကို ကျနော် နှစ်သက်သော်လည်း
Flickr ဟာ ပုံအတွဲလိုက်ထက် တစ်ပုံချင်းကို ပိုအလေးပေးဖော်ပြနေပါတယ်။ Flickr ရဲ့
“sets” နဲ့ “galleries” မှာ ပုံတွေတင်လို့ရပေမယ့် ဒါတွေက “photo-stream” ရဲ့ နောက်မှာပဲ
ရှိပါတယ်။

ကျနော့်ရဲ့ ကိုယ်တွေ့

image
ဓာတ်ပုံ – Eric Kim ရဲ့ “Faces”

အခြားသော
ဓာတ်ပုံသမားတွေလိုပဲ ကျနော်လည်း ဒီဂျစ်တယ်ကင်မရာနဲ့ စတင်ရိုက်ခဲ့တာဖြစ်ပြီး အင်တာနက်ဆိုတာ
ကျနော့်ပုံတွေကို ဝေမျှဖို့ပဲလို့ သိခဲ့ပါတယ်။ အဲဒီ့အတွက် ကျနော် ကင်မရာနဲ့ အပြင်သွားမယ်။
ပုံကောင်းတစ်ပုံလောက်ရအောင် ကြိုးစားရိုက်မယ်။ နောက်ပြီး အဲဒီပုံကို အွန်လိုင်းတင်မယ်။
အချိန်အတော်ကြာအောင် ကျနော် အဲသလို ရိုက်ကူးခဲ့ပါတယ်။

မကြာသေးခင်က
ကျနော့်သူငယ်ချင်းကောင်းလည်းဖြစ် street photographer တစ်ဦးလည်းဖြစ်တဲ့ Charlie
Kirk က ကျနော့်ကို စိန်ခေါ်ပါတယ်။ တစ်နှစ်အတွင်း လူမှုကွန်ရက်တွေမှာ ဓာတ်ပုံမတင်ဖို့နဲ့
နှစ်ကုန်မှ အကောင်းဆုံးတွေကိုပဲ ပြဖို့ ဖြစ်ပါတယ်။ သူ့အကြံပေးချက်ကို ကြားကြားချင်း
ကျနော် နားမလည်နိုင်ခဲ့ပါဘူး။

ကျနော့်ကိုကျနော်
အွန်လိုင်းချိတ်ဆက်မှုရှိတဲ့သူတစ်ယောက်အဖြစ် ယူဆပါတယ်။ တစ်နှစ်လောက် ဓာတ်ပုံမတင်ရဘူးဆိုတာက
အတော်ခွကျပါတယ်။ အဲသလောက်ကြာအောင် ပုံမတင်ဘဲနေရင် အခြားသူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ။
ကျနော့်ဓာတ်ပုံတွေအပေါ် လူတွေစိတ်ဝင်စားမှုနည်းသွားမလား။ ကျနော့်ဓာတ်ပုံတွေ၊ ဘလော့ကို
ပြန်လာမကြည့်တော့ဘူးလား။ လက်ရှိ နေ့တိုင်းနီးပါးတင်နေတာဆိုတော့ တင်ချင်စိတ်ကို တားနိုင်ပါ့မလား။

ဒီလို မေးခွန်းတွေက
ကျနော့်ကို လာရိုက်ခတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကောင်းတဲ့အကြံတစ်ခုလို့တော့ ကျနော် သဘောတူပါတယ်။
ချာလီရဲ့ ဆင်ခြေကတော့ ထင်ရှားတဲ့ ဓာတ်ပုံသမားတွေကို သူတို့ရဲ့ ပုံဆယ်ပုံထက် ပို မမှတ်မိကြပါဘူးတဲ့။
ဒါတင်မက တစ်နှစ်လုံး ပုံမတင်ဘဲ စောင့်ခဲ့တဲ့အတွက် ကိုယ့်ပုံတွေကို ပြန်တည်းဖြတ်တဲ့အခါ
(ကိုယ့်ရဲ့ အကောင်းဆုံးပုံတွေကို ရွေးတဲ့အခါ) ပိုပြီး ဝေဖန်လာနိုင်ပါတယ်တဲ့။

ဘာဖြစ်သွားသလဲ

image
ဓာတ်ပုံ – Garry Winogrand

နောက်တော့
အွန်လိုင်းမှာ ဓာတ်ပုံမတင်ဖို့ စတင်ဆောင်ရွက်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါမှာတော့
(ကျနော်အံ့အားသင့်ခဲ့ပါတယ်) ဘာအဆိုးတစ်ခုမှ မဖြစ်ခဲ့ပါဘူး။ အင်တာနက်ကြီး ရပ်မသွားသလို
ကျနော့်ဘလော့ကိုလည်း လာဖတ်သူတွေ ရပ်မသွားပါဘူး။ ဒီ့အပြင် တည်ငြိမ်မှုကို ကျနော်ခံစားရပါတယ်။
ဓာတ်ပုံ အမြဲတစေတင်ရမယ်ဆိုတဲ့ ဖိအားမရှိတော့လို့ပါပဲ။

အရည်အတွက်ထက်
အရည်အသွေးကို ပိုဦးစားပေးရပါမယ်။

ဓာတ်ပုံတွေကို
ချက်ချင်းတင်ဖို့ မလိုအပ်တော့တဲ့အတွက် ပုံတွေကောင်းမကောင်း အလျင်စလို ဆုံးဖြတ်ဖို့
မလိုတော့ပါဘူး။ “ဓာတ်ပုံသမားတွေအနေနဲ့ သူတို့ ဓာတ်ပုံရိုက်တဲ့အချိန်က စိတ်ခံစားမှုနဲ့
ဓာတ်ပုံကောင်းမကောင်း ဆုံးဖြတ်ချက် ရောထွေးတတ်တယ်” လို့ Garry Winogrand ပြောခဲ့သလိုပါပဲ။
ကျနော်တို့အနေနဲ့ ကိုယ့်ပုံတွေကို ဓမ္မဓိဌာန်ကျကျ ကြည့်နိုင်ဖို့အတွက် ပုံတွေနဲ့ ခပ်ခွာခွာ
နေဖို့လိုအပ်ပါတယ်။  ချက်ချင်းရိုက်ပြီး ချက်ချင်းဆုံးဖြတ်ရင်
ပုံရိုက်စဉ်က ဘယ်လိုရိုက်ခဲ့တယ်ဆိုတဲ့ ခံစားချက်ပါနေသေးတဲ့အတွက် ဓမ္မဓိဌာန်ကျကျကြည့်နိုင်မှာ
မဟုတ်ပါဘူး။ Winogrand ဆိုရင် သူရိုက်တဲ့ပုံတွေကို တစ်နှစ်လောက်ကြာတဲ့အထိ မကြည့်ဘဲ
ထားတတ်ပါတယ်။ စိတ်ခိုင်သူပါပဲ။

ကျနော့် ပထမဆုံး ပရောဂျက်

image
ဓာတ်ပုံ – “Sunburn” Eric Kim ၏ “The City of  Angles” ပရောဂျက်မှ

ကျနော့်ရဲ့
ပထမဆုံး အလေးအနက်ထားလုပ်တဲ့ ပရောဂျက်ကတော့
“The City of Angles” ပဲ ဖြစ်ပါတယ်။ Los Angeles မြို့ကလူတွေအကြောင်းကို  street photography နဲ့ စူးစမ်းထားတာပဲဖြစ်ပါတယ်။
စလုပ်တုန်းကတော့ စိတ်ထဲမှာ သေသေချာချာ မရှိပါဘူး။ ဒါပေမယ့် Los Angeles မြို့နဲ့ ပတ်သက်တဲ့
ကျနော့် ခံစားချက်ကို ဖော်ပြပေးမယ့် ဓာတ်ပုံ ၁၅-၂၀ပုံလောက် လိုချင်တယ်လို့တော့ သိခဲ့ပါတယ်။

ဒီပရောဂျက်အတွက်
တစ်နှစ်လောက် ဆက်တိုက် လုပ်ခဲ့ရပါတယ်။ ကိုယ်တိုင်ကြုံရတဲ့ အခက်အခဲတွေနဲ့ ဓာတ်ပုံစာအုပ်တွေကို
ကြည့်ပြီးလေ့လာတာတွေကနေ အတော်လေ့လာဖြစ်ခဲ့ပါတယ်။

ဒီပရောဂျက်
မပြီးသေးခင် ဓာတ်ပုံတွေကို Flickr မှာ တင်ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ အကျိုးအပြစ်တွေကို
ဆောင်းပါးနောက်ပိုင်းမှာ ဆွေးနွေးထားပါတယ်။

ဒီမှာ ကျနော်
ကိုယ်တိုင်နားလည်ခဲ့တဲ့အချက်တွေကတော့ 

  • ပရောဂျက်အနေနဲ့ တင်ပြလို့ရနိုင်တဲ့
        အားကောင်းတဲ့ ပုံတွေရဖို့အတွက်  အနည်းဆုံး
        အချိန်တစ်နှစ်လောက် ကြာနိုင်တယ်။
  • ကျနော့် series အတွက် ပုံအရေအတွက်
        ၁၅-၂၀ ပုံလောက် လိုအပ်တယ်။ (နည်းရင် မပြည့်စုံသလိုဖြစ်ပြီး များသွားရင် ဦးတည်ချက်
        ပျောက်သွားနိုင်တယ်။)
  • ပရောဂျက်မှာ ပုံတွေ အရှေ့အနောက်စီစဉ်တာဟာ
        ပုံတွေရဲ့ အကျိုးသက်ရောက်မှုကို အများကြီး ပြောင်းလဲပေးနိုင်တယ်။
  • အမြဲလိုလို အကြံပေးချက်တွေနဲ့
        ဝေဖန်မှုတွေရဖို့က အလွန်အရေးကြီးတယ်
  • ပရောဂျက်ရဲ့ ဖော်ပြချက်ဟာလည်း
        ပုံတွေလိုပဲ ပြောလိုတဲ့အကြောင်းအရာကို ကြည့်သူတွေဆီရောက်ဖို့အတွက် အရေးပါတယ်။ 

ကျနော့်ရဲ့
“The City of Angles” ပရောဂျက်ကို အပြုသဘောဆောင်တဲ့ အကြံပေးချက်တွေနဲ့ ဝေဖန်မှုတွေ
ပေးခဲ့ကြပါတယ်။ အဲဒီအတွက် နောင်လာမယ့် ပရောဂျက်တွေမှာ အောက်ကအချက်တွေကို ထည့်သွင်းစဉ်းစားသွားမှာ
ဖြစ်ပါတယ်။

  • ကျနော့်ဓာတ်ပုံတွေမှာ လူမျိုးတွေကို
        ဖော်ပြတာမှာ ပိုအလေးအနက်ထားသွားမယ်
  • ကိုယ့်ပရောဂျက်နဲ့ပတ်သက်တဲ့
        အယူအဆ/သီအိုရီတွေကို ရှင်းပြရာမှာ ပိုနားလည်အောင် အားထုတ်မယ်
  • ဖလင်နဲ့ ဆက်ရိုက်သွားမယ်။  ကိုယ့်ကိုကိုယ် မညှာတမ်း တည်းဖြတ်သွားမယ်။

ဘာကြောင့် ပရောဂျက် နဲ့ ပုံတစ်ပုံခြင်း ကွဲပြားသလဲ

image
ဓာတ်ပုံ – Carles, Vasa, Minnesota 2002 (Alec Soth ၏ Mississippi Series မှ)

ဓာတ်ပုံသမားတစ်ယောက်အနေနဲ့
စတင်ကာစသူတွေအတွက် ပုံကောင်းတစ်ပုံစီရဖို့ အားစိုက်တာ မမှားဘူးလို့ ကျနော်ထင်ပါတယ်။
ဒါပေမယ့် ကင်မရာနဲ့ အသားကျလာပြီ၊ composition နဲ့ exposure အခြေခံကို နိုင်နင်းလာပြီ၊
နောက် ကိုယ်နှစ်သက်တဲ့ ဓာတ်ပုံအမျိုးအစား (ဥပမာ street photography)ကို တွေ့ရှိပြီဆိုရင်
ပရောဂျက်တွေအဖြစ် အာရုံစိုက် ရိုက်သင့်ပါတယ်။

ဘာကြောင့်
ပရောဂျက်တွေအဖြစ် အာရုံစိုက်သင့်သလဲ။ ပုံကောင်းတစ်ပုံချင်းစီတင်ပြတာဟာ ကောင်းမွန်သော်လည်း
ဇာတ်ကြောင်းပြောရာမှာ အကန့်အသတ်ရှိပါတယ်။

“ဓာတ်ပုံတစ်ပုံဟာ
အတွေ့အကြုံတစ်ခုရဲ့ စက္ကန့်ပိုင်းသာကြာတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်တယ်။ ဒါပေမယ့် တိကျတယ်၊
အသေးစိတ်တယ်၊ နောက်ပြီး အစိတ်အပိုင်းတစ်ခုကိုပဲ ပြောပြတယ်။ အင်မတန်နည်းတဲ့ သဲလွန်စတွေပါပြီး
ဓာတ်ပုံသမားက ဒီသဲလွန်စတွေဟာ အလွန်အရေးကြီးကြောင်း ပြောနေပါတယ်။ ဒါပေမယ့် ဒီဓာတ်ပုံတွေကို
ရုပ်ရှင်လို၊ ဝတ္ထုထဲက အခန်းတွေလို ဇာတ်ကြောင်းပြောအနေနဲ့ စုစည်းဖော်ပြရင်တော့ ဇာတ်လမ်းကို
အောင်မြင်စွာ ပြောနိုင်မှာပဲဖြစ်တယ်။”

လို့ Magnum ဓာတ်ပုံသမားတစ်ဦးဖြစ်တဲ့ Alec
Soth က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

ဒါကြောင့်
ပုံတစ်ပုံတည်းနဲ့ အကြောင်းအရာတစ်ခုကို ပြောနိုင်ပါတယ်။ ဒါပေမယ့် စီးရီးစ် သို့မဟုတ်
ပရောဂျက်အဖြစ် စုစည်းလိုက်တဲ့အခါ ကြည့်တဲ့သူတွေအပေါ် ပိုအားကောင်းတဲ့ သက်ရောက်မှု ရှိစေပါတယ်။

နောက်ထပ်
Magnum ဓာတ်ပုံသမားတစ်ဦးဖြစ်တဲ့ Christopher Anderson ကလည်း သူ့ရဲ့ “Capitolio” ဓာတ်ပုံစာအုပ်ကို
အတွဲအစပ်အနေနဲ့မြင်ဖို့ ရည်ရွယ်ပြီး စာအုပ်ထဲကပုံတွေကို ထုတ်ပြီး တစ်ပုံတည်းအနေနဲ့
ကြည့်ရင် အဓိပ္ပာယ်မပေါ်စေလိုဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

ကိုယ်ပိုင် street photography ပရောဂျက်စလုပ်ခြင်း

image
ဓာတ်ပုံ – Christopher Anderson (သူ၏ “Capitolio” စာအုပ်မှ)

အခု ကျနော့်ရဲ့ နောက်ကြောင်းနဲ့
ပုံတစ်ပုံခြင်းရိုက်နေတာကနေ ပရောဂျက်အဖြစ်ရိုက်ဖြစ်လာတဲ့  နောက်ခံဇာတ်ကြောင်းကို သိပြီဆိုရင် အောက်မှာ ကျနော်ကြုံခဲ့တဲ့
အမှားတွေ၊ သင်ယူဖြစ်ခဲ့တာတွေကို အခြေခံတဲ့ အကြံပေးချက်တွေကို ဖတ်ကြည့်ပါ။

၁။ ကောင်းတဲ့ အယူအဆတစ်ခု ရှိပါစေ 

ကောင်းတဲ့ အယူအဆတစ်ခုရလာဖို့
ခက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအယူအဆက ပရောဂျက်ရဲ့ နောက်ခံကျောရိုး ဖြစ်ပါတယ်။ အယူအဆအနေနဲ့
ပြတ်သား တိကျမှုရှိနေရင် ပရောဂျက်ကို အကောင်အထည်ဖော်ရာမှာ ပိုအာရုံ စူးစိုက်နိုင်ပါတယ်။
ဒါက ပရောဂျက်အတွက် ပိုမိုသင့်လျော်မှုရှိတဲ့ ပုံတွေရစေနိုင်ပါတယ်။ 

ကောင်းတဲ့အယူအဆတစ်ခုဟာ မိမိစိတ်ဝင်ဝင်စားမှုရှိတာတွေနဲ့
နီးစပ်မှုရှိသင့်ပါတယ်။ ဓာတ်ပုံပရောဂျက်မှာ အောက်ဖော်ပြချက်ထဲက တစ်ခုမဟုတ် တစ်ခုပါဝင်နိုင်ပါတယ်။ 

က) မိမိလက်ရှိနေထိုင်ပြီး နှစ်မြှုပ်မှုရှိပြီးသား နေရာ 

ပုံကောင်းတွေရဖို့အတွက် ပါရီလိုနေရာမျိုးမှာ
နေမှ မဟုတ်ပါဘူး။ Magnum
ဓာတ်ပုံသမား Maertin Parr ဟာဆိုရင် အများက ဓာတ်ပုံရိုက်လို့မကောင်းဆုံးလို့ထင်တဲ့နေရာတွေ
(လူများတဲ့ ကမ်းခြေတွေ၊ အမြန်ရ စားသောက်ဆိုင်တွေနဲ့ ဆူပါမားကတ်တွေ)မှာ ပရောဂျက်ကောင်းတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ 

ခ) မိမိကိုယ်ကို ရောင်ပြန်ဟပ်မှု 

ကျနော့်ကို လွှမ်းမိုးမှုရှိတဲ့
Bruce Gilden ရဲ့ ပြောစကားတစ်ခုက “မိမိနဲ့တူတာကို  ရိုက်ပါ” ဆိုတာပဲ ဖြစ်ပါတယ်။  Gilden အနေနဲ့
ကြမ်းကြမ်းတမ်းတမ်းပုံပေါက်တဲ့ ယောက်ျားတွေနဲ့ လူမိုက်ပုံတွေကို ရိုက်လေ့ရှိပြီး ဒါဟာ
သူကြီးပြင်းလာခဲ့တဲ့အနေအထားနဲ့ သူ့အဖေရဲ့ လွှမ်းမိုးမှုကြောင့်   (သူ့အဖေဟာလည်း လူမိုက်ပုံစံရှိတယ်လို့
ပြောပါတယ်)လို့ ဆိုပါတယ်။ ကျနော်လည်း လူမှုဗေဒကို စိတ်ဝင်စားတဲ့အတွက်
လူမှုဗေဒအရ စိတ်ဝင်စားဖို့ကောင်းတာတွေကို ရိုက်ဖြစ်ပါတယ်။ 

မိမိကိုယ်ကိုဖော်ပြနိုင်မယ့်
ပရောဂျက်မျိုးကို ဖန်တီးနိုင်ဖို့ လေးလေးနက်နက် စဉ်းစားသင့်ပါတယ်။ ကိုယ်နဲ့ ပတ်သက်မှုရှိပါစေ။
ကိုယ်က ပျော်ရွှင်တတ်တဲ့သူမျိုးဆိုရင် မှောင်မည်းအဆိုးမြင်တဲ့ ပရောဂျက်တွေ မဖန်တီးပါနဲ့။
ကိုယ်က ကြွယ်ဝမှုရှိတဲ့ အနေအထားကလာရင် အိမ်ခြေမဲ့များကို မရိုက်ပါနဲ့။

၂။ အသုံးပြုတဲ့ ကင်မရာ၊ မှန်ဘီလူး အပြောင်းအလဲမရှိပါစေနဲ့ 

Street
photography ပရောဂျက်အတွက် အသုံးပြုတဲ့
ကင်မရာ၊ မှန်ဘီလူးစတာတွေ အပြောင်းအလဲမရှိဖို့က လိုအပ်ချက်မဟုတ်ပေမယ့် ကျနော်က အပြောင်းအလဲမရှိဖို့
အကြံပေးလိုပါတယ်။ ဘာကြောင့်ပါလဲ။ ကင်မရာ၊ မှန်ဘီလူး၊ ဖလင်အမျိုးအစား (အဖြူအမည်း သို့မဟုတ် အရောင်) စတာတွေ အပြောင်းအလဲမရှိတဲ့အတွက် ဓာတ်ပုံတွေဟာ ပိုပြီး ညီညွတ်မှုရှိပါတယ်။

ဥပမာ ဓာတ်ပုံတွေမှာ တူညီတဲ့
focal length ရှိသင့်ပါတယ်။ မတူညီတဲ့ focal length (28mm နဲ့ 200mm) ကို အသုံးပြုရင်
ကြည့်သူတွေအတွက် အမြင်ဆိုင်ရာ ရှုပ်ထွေးမှု ရှိစေနိုင်ပါတယ်။ 

ဖလင်နဲ့ရိုက်ကူးတယ်ဆိုရင်လည်း
ပရောဂျက်ထဲက ပုံအချို့ကို အဖြူအမည်းဖလင်နဲ့
Lecia ကင်မရာသုံးရိုက်ပြီး အချို့ကို  အရောင်နဲ့
large-format
ကင်မရာသုံးရိုက်တာဟာ ပုံတွေကို ညီညွတ်မှုမရှိဖြစ်စေနိုင်ပါတယ်။ 

ကင်မရာ၊ မှန်ဘီလူးစတာတွေကို
အပြောင်းအလဲမရှိအသုံးပြုတဲ့အတွက် ပုံတွေမှာ တူညီတဲ့ မြင်ကွင်းဖြစ်စေပြီး ကင်မရာ၊ မှန်ဘီလူး
ပြောင်းအသုံးပြုရတာထက် ပရောဂျက်အပေါ် ပိုပြီးအာရုံစိုက်စေနိုင်ပါတယ်။ 

၃။ အချိန်တစ်နှစ်ကြာအောင် ရိုက်ပါ

ပရောဂျက်အနေနဲ့ အချိန်တစ်နှစ်ကြာဖို့
မလိုအပ်ပါဘူး။ ဒါပေမယ့် ပရောဂျက်ကို အချိန်ပေးလုပ်လေ ပိုကောင်းလေပါပဲ။ အချိန်ကြာကြာလုပ်တဲ့အတွက်
ပုံများများစုစည်းနိုင်ပြီး၊ ပုံတွေနဲ့ပတ်သက်လို့ တွေးဖို့အချိန်ပိုရပါတယ်။ ရိုက်ထားတာတွေနဲ့ပတ်သက်လို့
အကြံပေးချက်တွေရနိုင်သလို တည်းဖြတ်တာလည်း လုပ်နိုင်ပါတယ်။ 

အချိန်တစ်နှစ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါ။
ဒါပေမယ့် စာအုပ်ထုတ်ဝေတဲ့ ဓာတ်ပုံသမားတွေအများစုကတော့ တာရှည်ခံနိုင်မယ့် ပရောဂျက်တွေလုပ်ဖို့အတွက်
အချိန်တစ်နှစ်လောက် လိုအပ်တယ်လို့ ယူဆကြပါတယ်။
တချို့သော ဓာတ်ပုံသမားတွေဆိုရင် ပရောဂျက်တစ်ခုကို သူတို့တစ်သက်တာလုံး ဆောင်ရွက်သွားကြပါတယ်။ 

၄။ ပရောဂျက် မပြီးခင်မှာ ပရိသတ်ကို မပြပါနဲ့ 

ပရောဂျက်တစ်ခုအနေနဲ့ ရိုက်နေချိန်မှာ
ပုံတွေကို အွန်လိုင်းတင်တာနဲ့ပတ်သက်လို့  (ပုံတင်တဲ့အတွက် နောက်ထပ်ရိုက်ဖို့ အားဖြစ်စေတယ်၊ အကြံပေးချက်/ဝေဖန်ချက်တွေရနိုင်တယ် စသည်ဖြင့်) ကောင်းတဲ့အချက်တွေရှိသော်လည်း ပရောဂျက်တစ်ခု ပြီးသွားမှသာ ပရိသတ်ကို
ပြသင့်တယ်လို့ ကျနော်ယူဆပါတယ်။ 

ပရောဂျက်ပြီး မပြီး ဘယ်လိုဆုံးဖြတ်နိုင်မလဲ။
အပေါ်မှာ အကြံပေးခဲ့သလို အချိန်ကာလတစ်ခုသတ်မှတ်ခြင်း (ရက်သတ္တပတ်
တစ်ပတ်၊ တစ်လ၊ တစ်နှစ်၊ ဆယ်နှစ် အစရှိသဖြင့်) သို့မဟုတ် “ဒီပရောဂျက်ပြီးပြီ”လို့ ယူဆချိန်  (တစ်ယောက်ချင်းစီအပေါ် မူတည်) မှာ ပရောဂျက်ကို ရပ်နိုင်ပါတယ်။ 

၅။ အကြံပေးချက်တွေကို ပရောဂျက်ကာလအတွင်း ရယူပါ 

ပရောဂျက်မပြီးခင် ပရိသတ်ကို
မပြရဘူးဆိုလို့ အကြံပေးချက် မရနိုင်ဘူးလို့ မထင်လိုက်ပါနဲ့။  ရိုက်ကူးပြီးပုံတွေအတွက် (အင်တာနက်မပါဘဲ)
အကြံပေးချက်ရဖို့အတွက် အောက်ပါအတိုင်း
အကြံပေးလိုပါတယ်။ 

ရိုက်ကူးဆဲ ပရောဂျက်ကို ဓာတ်ပုံထုတ်ပြီးဖြစ်စေ၊
laptop သို့မဟုတ် iPad နဲ့ဖြစ်စေ ကိုယ်တိုင်ပြပြီး အကြံပေးချက်ရယူပါ။ လူကိုယ်တိုင် တွေ့ပြီး
အကြံပေးချက်တောင်းတာဟာ အင်တာနက်ကနေတောင်းတာထက် ပိုကောင်းတဲ့ အကြံပေးချက်ရနိုင်လို့ပါ။
လူချင်းတွေ့တဲ့အတွက် ပုံတွေပေါ် ပိုအာရုံစိုက်နိုင်ပြီး အကြံပေးချက် ကောင်းကောင်း ပေးနိုင်ပါတယ်။
အင်တာနက်ဟာလည်း အကြံပေးချက်တွေရနိုင်တဲ့ နေရာပါပဲ (အထူးသဖြင့်
ကိုယ်နဲ့ အနီးတဝိုက်မှာ အကြံပေးနိုင်တဲ့ street photographer တွေ မရှိရင်)။
ကျနော်ကတော့ လူချင်းတွေ့ပြီး အကြံပေး ဝေဖန်တာကို ပိုနှစ်သက်ပါတယ်။ 

အင်တာနက်ကနေပဲ အကြံပေးချက်ရနိုင်တဲ့
အနေအထားမှာဆိုရင်တော့ ပုံတွေကို သီးသန့်တစ်နေရာမှာ တင်ပြီး မေးလိုသူတွေကို ကြည့်စေပြီး
အကြံပေးခိုင်းနိုင်ပါတယ်။ ပေးတဲ့ အကြံပြုချက်တွေ ဝေဖန်ချက်တွေကို မှတ်သားပါ။ ဒါပေမယ့်
ပရိသတ်ကို ပြမယ်လို့ ဆုံးဖြတ်ချိန်မှာ မိမိသာ နောက်ဆုံး တည်းဖြတ်မှုနဲ့ ပြုလုပ်ရမယ်ဆိုတာကို
သတိရပါ။ 

၆။ ပရောဂျက်ကို တည်းဖြတ်ပါ 

ဓာတ်ပုံရိုက်တာဟာ ပရောဂျက်မှာ
လွယ်တဲ့အပိုင်းလို့ ကျနော်ပြောလိုပါတယ်။ တည်းဖြတ်ခြင်း(အကောင်းဆုံးပုံတွေကို
ရွေးခြင်း)ဟာ အခက်ခဲဆုံးပါ။ 

စီးရီးစ်တစ်ခုကို တည်းဖြတ်ခြင်းနဲ့ပတ်သက်လို့
ကျနော့် သီအိုရီကတော့ နည်းလေကောင်းလေပဲ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ပုံ ၁၅ပုံလောက်နဲ့
ကျစ်ကျစ်လျစ်လျစ် ဇာတ်ကြောင်းတစ်ခုပြောနိုင်တာကို ပုံ ၁၀၀ လောက်နဲ့ လျော့လျော့ရဲရဲ
ပြောတာထက် ပိုနှစ်သက်ပါတယ်။ 

ပရောဂျက်တစ်ခုမှာ ပုံအရေအတွက်
ဘယ်လောက်ရှိသင့်သလဲ။ အကန့်အသတ်တော့ မရှိပါဘူး။ ဖော်ပြလိုတဲ့ ပုံစံပေါ်မှာ မူတည်ပါတယ်။
Street photography
ပရောဂျက်အနေနဲ့ ပြတိုက် သို့မဟုတ်
ပြခန်းမှာ ပြချင်တယ်ဆိုရင် ပုံအရေအတွက် ၁၅-၂၀
လောက် အများဆုံးထားသင့်ပါတယ်။ အွန်လိုင်းမှာ ပြမယ်ဆိုရင်တောင်မှ အရေအတွက် ၁၅-၂၀ လောက်ပဲထားဖို့ အကြံပေးလိုပါတယ် (အင်တာနက်မှာ
လူတွေရဲ့ အာရုံစိုက်နိုင်မှု နည်းပါတယ်)။ စာအုပ်ထုတ်မယ်ဆိုရ၈င်တော့
ပုံအရေအတွက် ၆၀-၁၀၀ လောက် ရှိသင့်ပါတယ်။ 

၇။ ပရောဂျက်ကို အရှေ့အနောက် စီစဉ်ခြင်း 

ပရောဂျက်အတွက် လိုအပ်တဲ့ ပုံတွေရပြီဆိုရင်
အရှေ့အနောက်စီစဉ်ဖို့ လိုအပ်ပါတယ်။ 

အရှေ့အနောက်စီစဉ်တာဟာလည်း  ပရောဂျက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။  ဓာတ်ပုံစီးရီးစ်ကို အရှေ့အနောက်စီတာဟာ စာအုပ်မှာ
အခန်းခွဲတာမျိုးပါပဲ။ အစ၊ အလယ်၊ အဆုံး စသဖြင့် အရှေ့အနောက် စီးဆင်းမှုတစ်ခုရှိသင့်ပါတယ်။ 

တစ်ဖက်မှာလည်း အရှေ့အနောက်
စီစဉ်တာဟာ တစ်ဦးတစ်ယောက်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ ကောင်းတဲ့ စီခြင်းနဲ့ မကောင်းတဲ့ စီခြင်းအကြားမှာ
တိကျတဲ့ သိပ္ပံပညာမရှိပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ ဘာကြောင့် ပရောဂျက်ကို ဒီလိုရွေးချယ်
စီစဉ်ရသလဲဆိုတာကို သင့်လျော်အောင် ရှင်းပြနိုင်ဖို့တော့ လိုအပ်ပါတယ်။ 

Street
photography ပရောဂျက်အနေနဲ့ အစနဲ့ အဆုံး
ပုံတွေဟာ အရေးအကြီးဆုံးလို့ ကျနော်ထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အစဆုံးပုံဟာ မိမိပရောဂျက်ကို ကြည့်သူတွေ ပရောဂျက်ဆီ ခေါ်သွားမှာဖြစ်ပြီး
စာအုပ်တစ်အုပ်ရဲ့ အဖုံးနဲ့ ဆင်တူပါတယ်။ ပျင်းစရာကောင်းတဲ့ မိတ်ဆက်ပုံနဲ့ဆိုရင် ကြည့်သူတွေအနေနဲ့
ကျန်တဲ့ပုံတွေကို ဆက်ကြည့်ဖို့ စိတ်ဝင်စားမှုနည်းသွားနိုင်ပါတယ်။ ဒါပေမယ့် ပထမဆုံးပုံက
သူတို့ကို စွဲဆောင်နိုင်ရင် ပရောဂျက်အဆုံးထိ ဆက်ကြည့်သွားဖို့ များပါတယ်။ 

နိဂုံးအဖြစ်သုံးတဲ့ ပုံဟာလည်း
အလွန်အရေးကြီးပါတယ်။ ကြည့်သူတွေကို ပြောတဲ့ နောက်ဆုံး နှုတ်ဆက်စကားလိုပေါ့။ ဒါဟာ ကြည့်သူတွေရဲ့
စိတ်ထဲမှာ ထင်ကျန်နေခဲ့မယ့် နောက်ဆုံးပုံဖြစ်ပြီး ဒါဟာ သူတို့နဲ့အတူ ပါသွားမှာပါ။ 

ပုံတွေကို နည်းအမျိုးမျိုးနဲ့
စီစဉ်နိုင်ပါတယ်။ အောက်မှာ အကြံပေးချက်အချို့ ဖော်ပြထားပါတယ်။

  • အချိန်ကာလအလိုက် စီစဉ်ခြင်း (ခုနှစ်သက္ကရာဇ်အလိုက် သို့မဟုတ် နေ့တစ်နေ့ရဲ့   အချိန်အပိုင်းအခြားအလိုက်)
  • အကြောင်းအရာအလိုက် စီစဉ်ခြင်း (အစမှာ ရှုခင်းပုံတွေ၊ အလယ်မှာ လူပုံတွေနဲ့ အဆုံးမှာ
        လှုပ်ရှားမှုရှိတဲ့ ပုံတွေ)
  • စိတ်ခံစားမှုအလိုက် စီစဉ်ခြင်း (ပျော်ရွှင်နေတဲ့လူတွေပါတဲ့ ပုံတွေကနေ စိတ်ဒေါသထွက်နေတဲ့
        လူတွေပါတဲ့ ပုံတွေအထိ စီသွားခြင်း)

အထက်မှာ ဖော်ပြခဲ့တာတွေဟာ အကြမ်းဖြင်း
အကြံပေးချက်တွေဖြစ်ပါတယ်။ အရှေ့အနောက် စီစဉ်တာဟာ မိမိ ခံစားရသလို ဖော်ပြသွားဖို့လို
ထင်ပါတယ်။ တိကျတဲ့ နည်းမရှိပါဘူး။ အခြားသူတွေ သူတို့ပုံတွေကို ဘယ်လိုစီသလဲဆိုတာ သိဖို့အတွက်
ဒီဆောင်းပါးနောက်ပိုင်းမှာ ဖော်ပြထားတဲ့ ပရောဂျက်တွေ စာအုပ်တွေကို လေ့လာကြည့်နိုင်ပါတယ်။ 

အခြားသော street photography ပရောဂျက်တွေကို ကြည့်တဲ့အခါမှာ “ဓာတ်ပုံသမားအနေနဲ့ ဘာလို့
ဒီပုံကို ထည့်ဖို့ ဆုံးဖြတ်သလဲ” လို့ မိမိကိုယ်ကို မေးကြည့်ပါ။ ဒါက အခြားသော ဓာတ်ပုံသမားတွေရဲ့
ပရောဂျက်တွေကို နားလည်ဖို့နဲ့ ကိုယ်ပိုင် ပရောဂျက်တွေလုပ်ဖို့ အကူအညီပေးနိုင်ပါတယ်။ 

၈။ မိမိရဲ့ ပရောဂျက်ကို ပရိသတ်အား ပြခြင်း 

မိမိရဲ့ ဓာတ်ပုံ ပရောဂျက်ကို
ပြသဖို့ နည်းလမ်းတွေ အများအပြား ရှိပါတယ်။ 

  • Flickr
  • Facebook
  • Google+
  • 500px
  • ကိုယ်ပိုင် ဝက်ဘ်ဆိုက်
  • ဘလော့
  • စာအုပ် (စာအုပ်တိုက်က ထုတ်ခြင်း၊ သို့မဟုတ် Blurb လို ဝန်ဆောင်မှုကို သုံးပြီး ကိုယ်တိုင်ထုတ်ခြင်း)
  • ပြခန်းတွေမှာ ပြခြင်း

ပရောဂျက်ကို အွန်လိုင်းမှာ
ပြမယ်ဆိုရင် လူသိများအောင် အခြားသော ဓာတ်ပုံနဲ့ဆိုင်တဲ့ ဘလော့တွေ၊ ဝက်ဘ်ဆိုက်တွေနဲ့
ချိတ်ဆက်ဖို့ အကြံပေးလိုပါတယ်။ အကြံပေးလိုတဲ့ ဝက်ဘ်ဆိုက်တွေကတော့ 

 ဉာဏ်ကွန့်မြူးဖို

image
ဓာတ်ပုံ – Bruce Gilden (သူ၏ “Haiti” စာအုပ်မှ)

အောက်ပါ street
photography စာအုပ်/ပရောဂျက်တွေကို ဖတ်ကြည့်ဖို့ အထူးတိုက်တွန်းလိုပါတယ်။

စာအုပ်များ

Online

Niagara by
Alec Soth
 – Commentary via Magnum in Motion
Sleeping by the Mississippi by Alec Soth
Minutes to Midnight by Trent Parke
The Rat
Story by Bruce Gilden

Till Human Voices Wake Us by Kramer O’ Neil – The Book
Empty Messages by Alex JD Smith (ongoing)
Pacific
Boredom by Ludmilla Morrais

Los
Angeles, Summer of 2006 by Bryan Formhals
 

ကောင်းတဲ့ photo-essay တွေကို (အချို့က street photography photo-essay တွေ)  Magnum in
Motion
မှာ ကြည့်နိုင်ပါတယ်။

Eric Kim ၏ How to Start Your Own Street Photography Project ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ 

မူရင်းကို http://erickimphotography.com/blog/2012/01/24/how-to-start-your-own-street-photography-project/ မှာ ဖတ်နိုင်ပါတယ်။ 

Eric Kim ဟာ အမေရိကန်ပြည်ထောင်စုမှ Street Photographer တစ်ဦးဖြစ်ပြီး http://erickimphotography.com/blog/ ှာ Street Photography နဲ့ပတ်သက်တဲ့ ဆောင်းပါးများ၊ အင်တာဗျူးများကို ရေးသားနေသူ ဖြစ်ပါတယ်။

ဘာသာပြန် – THT

ဝန်ခံချက်။     ။ Myanmar Street Photographers တွင် THT ရေးသားခဲ့သော Street Photography Project ဘယ်လို စလုပ်မလဲ ဆောင်းပါးအားပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။