Street Photography ရဲ့ သမိုင်း – အပိုင်း (၁)
comment 0
Articles
Street Photography ရဲ့ သမိုင်းကိုရေးသားတဲ့စာအုပ် အနည်းငယ်သာ ရှိပါတယ်။ အဲဒီ့အနည်းငယ်သော စာအုပ်များထဲမှာ “Bystander: A History of Photography” စာအုပ်ဟာ အင်မတန် ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ယင်းစာအုပ်ကို ဓာတ်ပုံပြပွဲများ စီစဉ်သူနဲ့ သမိုင်းပညာရှင်ဖြစ်သူ Colin Westerbeck နဲ့ နာမည်ကျော် street photographer တစ်ဦးဖြစ်သူ Joel Meyerowitz တို့ ပူးတွဲ ရေးသားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ဖြစ်ဖို့အတွက် သူတို့နှစ်ယောက်ဟာ နှစ်အတော်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ရပါတယ်။ စာရေးသားမှုပိုင်းကို Westerbeck က အများဆုံး ပြုလုပ်ပြီး Meyerowitz ကတော့ လမ်းညွှန်မှုပေးခြင်းနဲ့ စာအုပ်မှာသုံးမယ့် ဓာတ်ပုံများကို ရွေးချယ်တည်းဖြတ်ရာမှာ ကူညီပေးခဲ့ပါတယ်။
Street Photography ရဲ့ သမိုင်း
Nicéphore Niépce ရဲ့ အစောပိုင်း ကျန်ရစ်တဲ့ ကင်မရာမှ ဓာတ်ပုံ၊ ခုနှစ် ၁၈၂၆ ခန့်။ Le Gras (Saint-Loup-de-Varennes, France) အဆောက်အဦးပြတင်းပေါက်မှ မြင်ကွင်း။ “Street ဓာတ်ပုံ” တစ်ပုံအဖြစ် အလွယ်တကူပဲ မှတ်ယူနိုင်ပါတယ်။
Street Photography ဆိုတာဟာ ဓာတ်ပုံပညာကို စတင်တီထွင်တဲ့ အချိန်ထိ ပြန်သွားရမယ့် ထုံးတမ်းအစဉ်အလာတစ်ခု ဖြစ်ပါတယ်။ ဓာတ်ပုံပညာကို စတင်တီထွင်တဲ့ ၁၉ရာစု အစောပိုင်းကာလဟာလည်း မြို့ပြဖြစ်ထွန်းမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ထွန်းမှုတို့နဲ့ တိုက်ညီနေပါတယ်။
ဒါကြောင့်လည်း ပထမဆုံးရိုက်ယူခဲ့တဲ့ ဓာတ်ပုံများဟာ လမ်းမများပေါ်မှာ ရိုက်ကူးခဲ့တာများ ဖြစ်ကြပါတယ်။ ဓာတ်ပုံပညာရဲ့အစဟာ Street Photography ရဲ့အစလို့လည်း ပြောနိုင်ပါတယ်။
Street Photography ရဲ့ သမိုင်းက အခန်းကဏ္ဍသစ်တစ်ခု
ဓာတ္ပံုပညာနဲ့ လူမႈကြန္ရက္စနစ္တို့ရဲ့ ကမၻာသစ္
ဓာတ်ပုံပညာနဲ့ လူမှုကွန်ရက်စနစ်တို့ရဲ့ ကမ္ဘာသစ်
ယခုအခါမှာ Street Photography ရဲ့ သမိုင်းမှာ အခန်းကဏ္ဍသစ်တစ်ခု ဖြစ်လာပြီလို့ ဆိုနိုင်ပါတယ်။ လက်ရှိ ကင်မရာတွေမှာ အသုံးပြုနိုင်လာတဲ့ နည်းပညာတွေဆိုတာ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ခန့်က မတွေးထားမိလောက်တဲ့ အနေအထားမျိုးပါ။ Full-frame ဒီဂျစ်တယ်ကင်မရာတွေဟာဆို ISO 12,800 (noise အနည်းငယ်ထရုံ) အထိ ရိုက်ကူးလာနိုင်ကာ တစ်နေ့တာအချိန်အတွင်းမှာ ဓာတ်ပုံပေါင်းများစွာကို ရိုက်ကူးလာစေနိုင်ပါတယ်။ ယခင်က အသုံးပြုခဲ့တဲ့ ISO 25 ဖလင်၊ ကြာမြင့်တဲ့ ပုံကူးရတဲ့အဆင့်များနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
Street Photography ဟာလည်း သီးသန့် လှုပ်ရှားမှုတစ်ခုလိုဖြစ်ပြီး ဓာတ်ပုံသမားအနည်းငယ်ကသာ ပူးပေါင်းဆောင်ရွက်ကြပြီး မိမိတို့ရဲ့ ဓာတ်ပုံများကို အချင်းချင်း ပြန်လည် မျှဝေတာမျိုးသာ ဖြစ်ခဲ့ပါတယ်။
ယခုအခါမှာတော့ Facebook, Flickr, 500px, Google+ နဲ့ အခြားသော လူမှုကွန်ရက်များမှာ လူတိုင်းဟာ သူတို့ရိုက်ကူးတဲ့ ဓာတ်ပုံများကို ကမ္ဘာအနှံ့က လူအများကို ပြသခွင့် ရလာပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နေရာအနှံ့က ကောင်းမွန်တဲ့ ဓာတ်ပုံအများအပြားတို့ ထွက်ပေါ်လာပါတော့တယ်။ ဒါ့အပြင် ထူးချွန်တဲ့ Street ဓာတ်ပုံသမားများပေါ်ထွက်လာပါတော့တယ်။
လက်ရှိ Street ဓာတ်ပုံသမားများဟာ အတိတ်ကနေ ဘာတွေ သင်ယူနိုင်မလဲ
Large Format Camera : Street ဓာတ္ပံုသမားမ်ားရဲ့ မူလပထမ ကင္မရာ
Large Format Camera : Street ဓာတ်ပုံသမားများရဲ့ မူလပထမ ကင်မရာ
Street Photography နဲ့ ပတ်သက်လို့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း၊ စတိုင်လ်၊ အနုပညာရှုထောင့် နဲ့ ကိရိယာ စတာတွေကို ဆွေးနွေးတဲ့ခါမှာ ရှေးယခင်က ဓာတ်ပုံဆရာကြီးများကနေ သင်ယူလို့ရနိုင်မယ်လို့ ယူဆနိုင်ပါတယ်။ လက်ရှိဖြစ်နေတဲ့ အငြင်းပွားနေရတဲ့ အကြောင်းအရာများဟာ အကြောင်းအရာအသစ်များမဟုတ်ဘဲ ယခင်ကတည်းက ရှိနေခဲ့တဲ့ အကြောင်းအရာများဖြစ်ကာ လက်ရှိအချိန်ထိ တည်ရှိနေဆဲ ဖြစ်ပါတယ်။
ဥပမာ၊ ဓာတ်ပုံသမားအများစုက post-processing ပြုလုပ်တဲ့အခါ ဓာတ်ပုံပြုပြင်တဲ့ ဆော့ဖ်ဝဲများဖြစ်တဲ့ Lightroom နဲ့ Photoshop တို့ အသုံးပြုတာကို ရှုံ့ချကြတာမျိုး ဖြစ်ပါတယ်။ သို့သော်လည်း ဒီဆော့ဖ်ဝဲများ မပေါ်ခင်ကတည်းက ဖလင် နဂတစ်များကို ပြင်ဆင်ခြင်းဟာ ဓာတ်ပုံပညာအစကတည်းက ရှိခဲ့ပါတယ်။
Street Photography မှာ Flash အသုံးပြုတာနဲ့ ပတ်သက်လို့လည်း ငြင်းခုန်ကြတာတွေ ရှိပါတယ်။ ဒါပေမယ့် Jacob Riss အမည်ရှိတဲ့ ဓာတ်ပုံသမားက ၁၈၈၇ ခုနှစ်ကတည်းက (flash powder ကို) ညဘက် မှောင်တဲ့ ဘားဆိုင်တွေမှာ အသုံးပြုခဲ့ပါတယ်။ နောက်ထပ် ငြင်းခုန်မှုတစ်ခုကတော့ street ရိုက်တဲ့အခါ ပေါ်ပေါ်တင်တင်ရိုက်တာနဲ့ သိုသိုသိပ်သိပ် ရိုက်ကူးတာပဲ ဖြစ်ပါတယ်။ Henri Cartier-Bresson လို ဆရာကြီးကတော့ သိုသိုသိပ်သိပ်ရိုက်ကူးပြီး Diane Arbus သို့မဟုတ် William Klein တို့ကတော့ ရိုက်ကူးလိုတာကို ပေါ်ပေါ်တင်တင်ရိုက်ကူးလေ့ ရှိကြပါတယ်။
Street Photography မှာ အသုံးပြုတဲ့ မှန်ဘီလူးရဲ့ focal length အမျိုးမျိုးမှာ ဘယ်ဟာက သင့်တင့်တယ် ဆိုတာကို ငြင်းခုန်ကြတာတွေလည်း ရှိပါတယ်။ Wide-angle lens များကို နှစ်သက်သူများရှိသလို 21mm-200mm အမျိုးမျိုးသော focal length များကို သမိုင်းတလျှောက်မှာ အသုံးပြုခဲ့ကြတာ တွေ့နိုင်ပါတယ်။
က) Street Photography ရဲ့ သမိုင်း/အဓိပ္ပါယ်ဖွင့်ဆိုချက်များ
၁။ “Street Photographer” ဆိုတဲ့ အသုံးအနှုန်းဟာ အချိန်အခါအလိုက် ပြောင်းလဲခဲ့ပါတယ်။
ဒီ street photographer ကတော့ အခကြေးငွေနဲ့ သင့်ကို ဓာတ်ပုံရိုက်ပေးမှာဖြစ်ပါတယ်။
အင်တာနက်မှာ ယေဘုယျအကျဆုံးနဲ့ စိတ်ညစ်စရာအကောင်းဆုံး ငြင်းခုန်မှုများထဲကတစ်ခုကတော့ “street photography” ဆိုတာ ဘာလဲနဲ့ “street photography” မဟုတ်တာ ဘာလဲ ဆိုတဲ့ မေးခွန်းများ ဖြစ်ပါတယ်။ Street photographer များဟာလည်း အပြင်ကိုထွက် ဓာတ်ပုံရိုက်မယ့်အစား ဒီမေးခွန်းတွေကို ငြင်းခုန်ကြရင်း အချိန်ဖြုန်းနေကြပါတယ်။
ဒီလို အငြင်းတွေပွားနေရတာဟာ ဘာကြောင့်လဲဆိုတော့ “street photographer” ဆိုတဲ့ အသုံးအနှုန်းဟာ အချိန်အခါအလိုက် ပြောင်းလဲခဲ့လို့ ဖြစ်ပါတယ်။
ဥပမာ၊ ၂၀ရာစု အစောပိုင်းကာလတွေမှာ “street photographer” ဆိုတာ လမ်းတွေပေါ်မှာ အခကြေးငွေနဲ့ ဓာတ်ပုံရိုက်ကူးပေးသူကို ခေါ်တာဖြစ်ပါတယ်။
ယခုအခါမှာတော့ အဲ့သလို street photographer တွေကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ ကမ္ဘာအနှံ့က ခရီးသွားများတဲ့ နေရာတွေမှာတော့ ရှိကောင်း ရှိနေနိုင်ပါသေးတယ်။ တစ်ချို့က အခမဲ့ ရိုက်ပေးသလိုလိုနဲ့ ရိုက်ပေးပြီးမှ အခကြေးတောင်းတာမျိုးတွေ ရှိပါတယ်။ နည်းလမ်းဟောင်းတစ်ခု ဖြစ်ပါတယ်။
ယခုအခါမှာ “street photographer” ဆိုတာ အများနဲ့ဆိုင်တဲ့ နေရာတွေကိုသွားပြီး ဓာတ်ပုံရိုက်သူကို (များသောအားဖြင့် candid ရိုက်တာကို) ခေါ်တယ်လို့ ယေဘုယျ နားလည်ထားကြပါတယ်။ ဒါပေမယ့် street photography မှာ candid ရိုက်တာဖြစ်ဖို့ လို၊ မလို ဆွေးနွေးငြင်းခုန်ကြတာတွေ အများအပြားရှိပါတယ်။ Diane Arbus ရဲ့ လက်ပစ်ဗုံးကိုင်ထားတဲ့ကောင်လေး ဓာတ်ပုံ၊ Cartier-Bresson ရဲ့ စပိန်က လိင်ပြောင်းထားသူတစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက် ဓာတ်ပုံ၊ William Klein ရဲ့ သေနတ်နဲ့ ကောင်လေး ဓာတ်ပုံ စတဲ့ နာမည်ကျော် ဓာတ်ပုံများဟာ candid ရိုက်တာမဟုတ်ဘဲ အရိုက်ခံသူများကို ခွင့်တောင်းပြီး ရိုက်ခဲ့တာတွေ ဖြစ်ပါတယ်။
Colin Westerbeck ကလည်း သူ့စာအုပ်မှာ သမိုင်းထဲက street photographer တိုင်းဟာ candid ရိုက်ခဲ့တာမဟုတ်ဘူးလို့ ဝန်ခံထားပါတယ်။ ဒါပေမယ့် များသောအားဖြင့် street photography ဆိုတာဟာ candid ရိုက်တာပါဆိုတဲ့ အယူအဆကို လက်ခံထားသူလည်း ဖြစ်ပါတယ်။
ဘယ်အရာက street photography နဲ့ အခြားသော ဓာတ်ပုံ ပုံစံတွေ ကွဲပြားစေသလဲဆိုတာကတော့ အဖြူ အမည်း မကွဲတဲ့ အညိုရောင်နယ်မြေပဲ ဖြစ်ပါတယ်။
Westerbeck ရဲ့ အလိုအရ “street photographer” ဆိုတဲ့ အသုံးအနှုန်းဟာ လမ်းပေါ်မှာ အခကြေးငွေယူပြီး ဓာတ်ပုံရိုက်ပေးသူဆိုတာကနေ “လမ်းပေါ်က နေ့စဉ်ဘဝတွေကို candid ရိုက်ကူးသူ” အဖြစ် ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ လမ်းပေါ်မှာသာမက ဈေးတန်းများ၊ ပန်းခြံများ နဲ့ ကမ်းခြေများမှာ ရိုက်ကူးထားတဲ့ street photography ပုံကောင်းများကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ယခင်ကလိုပဲ street photography အားလုံးဟာ candid ရိုက်ကူးထားတာလည်း မဟုတ်ပါဘူး။
ဓာတ်ပုံရိုက်ကူးသူတစ်ယောက်အနေနဲ့လည်း street photography ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ အချိန်နဲ့အလိုက် ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ အချိန် ပြောင်းလဲတာနဲ့အမျှ ရိုက်ကူးကြမယ့် street ဓာတ်ပုံများဟာလည်း ပြောင်းလဲသွားကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်ဟာက street photography ဘယ်ဟာက street photography မဟုတ် စတာတွေကို သိပ်ပူပန်မနေဘဲ မိမိထင်တာကို ရိုက်ကူးဖို့ အကြံပေးလိုပါတယ်။
၂။ Street ဓာတ်ပုံတွေမှာ လူပါရှိဖို့လိုသလား။
Eugene Atget ရဲ့ ပါရီမှ လမ်းကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ။ လူတွေမပါဘဲ “street” ဓာတ်ပုံတစ်ပုံ ဖြစ်နိုင်သလား။
Street ဓာတ်ပုံတွေမှာ လူတွေပါဝင်ဖို့ လိုသလား။ ဓာတ်ပုံပညာ စတင်ကာစ အစောပိုင်းကာလများမှာ ကင်မရာတွေဟာ အလွန်ကြီးမားတဲ့ large-format ကင်မရာများ ဖြစ်တဲ့အတွက် ဓာတ်ပုံရိုက်ရာမှာ လူတွေ ငြိမ်ငြိမ်ရပ်နေဖို့အတွက် အခက်အခဲ ရှိနိုင်ပါတယ်။ ဒါ့အပြင် candid ရိုက်ဖို့အတွက်လည်း အခက်အခဲ ရှိနိုင်ပါတယ်။
Street photography ကို စတင်ခဲ့သူတွေထဲက တစ်ဦးကတော့ Eugene Atget ဖြစ်ပြီး ပါရီမြို့ရဲ့ လမ်းတွေကို (များသောအားဖြင့် အဆောက်အဦးများ) ဓာတ်ပုံရိုက်ကူးခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ဓာတ်ပုံ အချို့မှာ လူတွေပါဝင်သော်လည်း အများအားဖြင့် ပါဝင်လေ့မရှိပါဘူး။
Atget အနေနဲ့ အဆောင်အဦးတွေကို (များသောအားဖြင့် လူတွေမပါဝင်ဘဲ) ရိုက်ကူးခဲ့တယ်ဆို ဘာကြောင့် street photographer အနေနဲ့ ထည့်သွင်း စဉ်းစားပါသလဲ။ ဒါကို Westerbeck က Atget ရဲ့ ဓာတ်ပုံများဟာ အဆောက်အဦးများထက် “ပါရီရဲ့ တကယ့် လမ်းတွေ”ကို ပို အာရုံထားတယ်လို့ ရှင်းပြပါတယ်။
အကယ်၍ Eugene Atget ကို အစောပိုင်း street photographer အနေနဲ့ လက်ခံနိုင်တယ်ဆိုရင်ဖြင့် steet ဓာတ်ပုံတွေမှာ လူတွေပါဖို့ မလိုဘူးဆိုတာကို လက်ခံနိုင်ပါလိမ့်မယ်။
၃။ Street photography နဲ့ပတ်သက်လို့ ပထမဆုံး ဓာတ်ပုံစာအုပ်က ဘယ်စာအုပ်လဲ။
ဓာတ္ပံု – John Thomson
ဓာတ်ပုံ – John Thomson
Bystander စာအုပ်မှာ ဖော်ပြထားချက်အရ ၁၈၇၇ ခုနှစ်က စကော့တလန် ဓာတ်ပုံသမား John Thomson ရဲ့ “Street life in London” အမည်ရ စာအုပ်ဟာ street photography နဲ့ ပတ်သက်လို့ ပထမဆုံး ဓာတ်ပုံစာအုပ်လို့ ဆိုပါတယ်။
စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က အဆိုပါစာအုပ်မှာ သုံးတဲ့ ဓာတ်ပုံအများစုကို “collodion” အမည်ရှိတဲ့ ပြတ်သားမှုကောင်းတဲ့ နည်းစနစ်နဲ့ရိုက်ကူးပြီး film speed အလွန်နှေးပါတယ်။ ဒါကြောင့် ရိုက်ကူးခံသူများဟာ အချိန်အတော်ကြာ ငြိမ်ငြိမ်နေဖို့ လိုအပ်ပါတယ်။ သူ့အနေနဲ့ candid ရိုက်ကူးဖို့ အတော်ခက်ပါလိမ့်မယ်။
နည်းပညာက street photography ရိုက်ကူမှုအပေါ် ဘယ်လို လွှမ်းမိုးမှုရှိသလဲဆိုတာ စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။ ဓာတ်ပုံပညာ အစောပိုင်းကာလများမှာ ဖလင်က နှေးကွေးပြီး ကင်မရာတွေက ကြီးမားလေးလံတဲ့အတွက် အများနဲ့ဆိုင်တဲ့နေရာတွေမှာ candid ရိုက်ကူးဖို့အတွက် ခက်ခဲနိုင်ပါတယ်။ မဖြစ်နိုင်ဘူးလို့တော့ မဆိုလိုပါ။ နည်းပညာ ဖွံ့ဖြိုးလာတာနဲ့အမျှ အရွယ်အစားသေးငယ်တဲ့ ကင်မရာများနဲ့ ပိုမြန်တဲ့ ဖလင်တို့ ထုတ်လာတဲ့အခါ ရိုက်ကူးတဲ့ street photography ပုံစံများဟာလည်း ပြောင်းလဲလာခဲ့ပါတယ်။
ဒါကြောင့် အသုံးပြုတဲ့ ကင်မရာရဲ့ နည်းပညာက မိမိရဲ့ ရလာဒ်ကို ပြောင်းလဲစေနိုင်တယ်ဆိုတာကို သတိပြုစေလိုပါတယ်။ အဟောင်းက အသစ်ထက် ပိုကောင်းတယ်ဆိုတဲ့ အစွဲ မစွဲစေဖို့လည်း လိုအပ်ပါတယ်။
၄။ သမိုင်းကို ထိမ်းသိမ်းခြင်း
Organ Grinder and children. ဓါတ္ပံု – Samuel Coulthurst, c. ၁၈၉၄
Organ Grinder and children. ဓာတ်ပုံ – Samuel Coulthurst, c. ၁၈၉၄
Street Photography နဲ့ ပတ်သက်လို့ နှစ်သက်ဖွယ်ကောင်းတဲ့အချက်တစ်ခုက သမိုင်းကို ထိမ်းသိမ်းထားနိုင်းခြင်းဖြစ်ပြီး အချိန်နဲ့အမျှ နေရာများ ပြောင်းလဲသွားတာကို ဖော်ပြနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကင်မရာနဲ့ သမိုင်းကို မှတ်တမ်းတင်နိုင်တယ်ဆိုတဲ့ အလားအလားကို စတင်နားလည်ခဲ့တဲ့ street photographer တွေထဲက တစ်ယောက်ကတော့ Samual Coulthrust ဖြစ်ပြီး ၁၈၀၀ နှောင်းပိုင်းက ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။
Coulthurst အနေနဲ့ သူ့ခေတ်ကာလအနေအထားမှာ လူမှုအနေအထားတွေဟာ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတယ်ဆိုတာနဲ့ လမ်းပေါ်က လူတွေကို မှတ်တမ်းတင်မထားခဲ့ပါက နောင်လူများဟာ ဒီအချိန်ကလူတွေ တည်ရှိနေခဲ့တာကို ဘယ်တော့မှ သိမှာမဟုတ်ဘူးဆိုတာကို သိနားလည်ခဲ့ပါတယ်။
ဒါ့အပြင် အခြားသော street ဓာတ်ပုံသမားတွေကိုလည်း သူတို့ရဲ့ လက်ရှိအချိန်ကာလကို စပြီး မှတ်တမ်းတင်ကြဖို့ နိုးဆော်ခဲ့ပါသေးတယ်။ သူတို့ မှတ်တမ်းတင်ထားတာတွေဟာ တစ်နေ့မှာ တန်ဖိုးရှိလာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါကို ၁၈၉၀ ခုနှစ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဤဆောင်းပါးရေးတဲ့ ၂၀၁၃ခုနှစ်မှာတော့ ရှေးကလူများ မတွေးမိထားနိုင်လောက်အောင် နည်းပညာရဲ့ လွှမ်းမိုးမှုကို ခံနေရပြီဖြစ်ပါတယ်။ ဖုန်းတွေဟာ ပေါင်မုန့်တစ်ချက်အထူထက် ပိုပါးလျလာပြီး အင်တာနက်ကို အလင်းရဲ့နှုန်းနဲ့ အသုံးပြုနိုင်ပြီး မော်တော်ကားတွေကိုလည်း လျှပ်စစ်နဲ့မောင်းနိုင်ကာ အထပ်မြင့်တိုက်တွေဟာလည်း မိုးထိလောက်အောက် မြင့်မားလာကြပါတယ်။
ဒါတွေဟာ မြင်သားကျနေတဲ့အတွက် အဆန်းတော့မဟုတ်တော့ပါဘူး။
ဒါပေမယ့် ဒီနေ့ကာလမှာ ရိုက်ကူးတဲ့ ဓာတ်ပုံတွေဟာ နောင်နှစ်ပေါင်း ၁၀၀ကျော်မှာ တန်ဖိုးရှိလာမှာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ဓာတ်ပုံတွေကို ပြန်လည်ရှာတွေ့တယ်ဆိုတဲ့ သတင်းတွေကြားရရင် အဆိုပါဓာတ်ပုံတွေကပေးတဲ့ အတိတ်ကို ပြန်ပြောင်းသတိရစေတဲ့ ခံစားမှုတွေကို နှစ်သက်မိကြတာမျိုး ဖြစ်ပါတယ်။
ဒီအတွက် မိမိနေ့စဉ် ပတ်ဝန်းကျင်အနေအထားတွေ၊ နေ့စဉ် နေ့စဉ် ဘဝတွေ၊ လူမှုပတ်ဝန်းကျင်တွေကို စိတ်ထက်ထက်သန်သန်နဲ့ ဓာတ်ပုံရိုက်ကူးကြဖို့ တိုက်တွန်းလိုပါတယ်။ သင့်ရဲ့ အနာဂတ်ကာလက မြေးတွေ၊ မြစ်တွေဟာ သင့်ရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး ရိုက်ကူးခဲ့တဲ့ ခေတ်ကာလသမိုင်းကို တန်ဖိုးထားကြမယ်ဆိုတာ သိထားဖို့ပါပဲ။
Street Photography ရဲ့ အတွေးအခေါ် အယူအဆ
၁။ “ခက်ခဲတဲ့” street ဓာတ်ပုံများ ရိုက်ကူးခြင်း
ဓာတ္ပံု – Joel Meyerowits
ဓာတ်ပုံ – Joel Meyerowits
Street photography ရဲ့ သမိုင်းမှာ ဟဲဗီးဝိတ်ကြီးတစ်ဦးဖြစ်တဲ့ Joel Meyerowitz က အင်တာဗျူးတစ်ခုမှာ “ခက်ခဲတဲ့ ဓာတ်ပုံတွေ” ရိုက်ကူးခြင်းရဲ့ အရေးပါပုံကို ပြောကြားခဲ့ပါတယ်။
“ခက်ခဲတယ် ဆိုတာက ဓာတ်ပုံတွေကို ညှိပြီးရိုက်တာ မဟုတ်တာကို ဆိုလိုပါတယ်။ မိမိရဲ့ မူလစိတ်အနေအထားနဲ့ ရိုက်ကူးထားပြီး သာမန် စံနှုန်းတွေနဲ့ ညှိလို့လည်း မရနိုင်ပါဘူး။ ဒီလိုရိုက်ရတာ ခက်ခဲပါတယ်။ နှစ်သက်ဖို့အတွက် ခက်ခဲတယ်၊ မြင်နိုင်ဖို့အတွက် ခက်ခဲတယ်၊ ရိုက်ကူးဖို့အတွက် ခက်ခဲတယ်၊ အဓိပ္ပါယ်ပေါ်ဖို့ ခက်ခဲတယ်။ အခြားသော ဓာတ်ပုံအများစုနဲ့ မတူညီပါဘူး။ ရင်းနှီးပြီးသား ဓာတ်ပုံအခေါ်အဝေါ်တွေနဲ့ ခေါ်ဆိုဖို့ အမြဲမဖြစ်နိုင်ပါဘူး။ တစ်ခါတစ်ရံမှာ မသက်မသာဖြစ်စေပြီး နားမလည်နိုင်တဲ့ ဓာတ်ပုံမျိုးဖြစ်ပါတယ်။
ဒါပေမယ့် တစ်ချိန်တည်းမှာ ဒါဟာ လှပတယ်ဆိုတာကိုလည်း သိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ‘ခက်ခဲတယ်’ ဆိုတာက လှပတယ်ဆိုတာကိုလည်း ရည်ညွှန်းပါတယ်။ ဓာတ်ပုံတစ်ပုံကိုကြည့်ပြီး ‘ဒါဟာ ခက်တဲ့ ဓာတ်ပုံပဲ’ သို့မဟုတ် ‘လှတယ်’ လို့ဆိုရင် ဒီဓာတ်ပုံကို ရိုက်ကူးနေချိန်ဟာ ရိုက်ကူးသူအတွက် လှနေမယ်လို့ ဆိုလိုတာပါပဲ။ ရိုက်ကူးတဲ့အချိန်အခိုက်အတန့်လေးမှာ ရိုက်ကူးသူကို ကျက်သရေရှိသွားစေသလိုမျိုး။ ရုတ်တရက် ပေါ်လာတဲ့ အလှနဲ့ သူ့ရဲ့ သန့်စင်မှုက ရိုက်ကူးသူကို လှုပ်ကိုင်လိုက်လို့ပဲ ဖြစ်ပါတယ်။ ဒါတွေက ဓာတ်ပုံတစ်ပုံကို ခက်ခဲအောင် ပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။ “ခက်ခဲတယ်” ဆိုတာနဲ့ “လှပတယ်”ဆိုတဲ့ စကားလုံးနှစ်လုံးဟာ တစ်နည်းတစ်ဖုံ အဓိပ္ပါယ်ချင်း တူညီနေပါတယ်။ ဒါတွေဟာ street photography ပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
လွယ်တဲ့ street ဓာတ်ပုံတွေမရိုက်ဘဲ ခက်ခဲတဲ့ street ဓာတ်ပုံတွေရိုက်ဖို့ ကြိုးစားသင့်ပါတယ်။
လွယ်တဲ့ street ဓာတ်ပုံတွေဆိုတာကတော့ လမ်းပေါ်မှာ ဖျော်ဖြေနေတဲ့သူများ၊ အိမ်ခြေယာမဲ့များ အစရှိတာတွေကို ရိုက်ကူးထားတဲ့ ပုံတွေဖြစ်ပါတယ်။
ခက်ခဲတဲ့ ဓာတ်ပုံတွေ ရိုက်ဖို့ကြိုးစားပါ။ ကိုယ်ရိုက်ရမှာ ကြောက်တဲ့ ဓာတ်ပုံတွေကို ရိုက်ဖို့ကြိုးစားပါ။ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံကိုကြည့်ပြီး ကြည့်သူတွေက အရိုက်ခံလိုက်ရတဲ့သူတွေ ခံစားရသလိုမျိုး ခံစားမှုပေးနိုင်မယ့် ဓာတ်ပုံတွေ ရိုက်ဖို့ကြိုးစားပါ။ ဓာတ်ပုံထဲမှာ အလွှာတွေ၊ စိတ်ခံစားမှုတွေ၊ ပုံသဏ္ဌန်တွေနဲ့ ပိုလှတဲ့ street ဓာတ်ပုံတွေ ရိုက်ဖို့ကြိုးစားပါ။
၂။ Contact sheet များရဲ့ အရေးပါပုံ
Henri Cartier-Bresson ရဲ့ ထင္ရွားတဲ့ Seville, Spain, 1933 ဓာတ္ပံုပါတဲ့ contact sheet
Henri Cartier-Bresson ရဲ့ ထင်ရှားတဲ့ Seville, Spain, 1933 ဓာတ်ပုံပါတဲ့ contact sheet
ဓာတ်ပုံရိုက်ကူးသူများအနေနဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှု ရဲ့ရလာဒ်ဖြစ်တဲ့ နောက်ဆုံးဓာတ်ပုံကြည့်ရတာကို ဒီပုံတစ်ပုံရရှိဖို့ ရိုက်ကူးရတဲ့ ဖြစ်စဉ်ထက် ပိုပြီး စိတ်ဝင်စားလေ့ရှိပါတယ်။
Henri Cartier-Bresson အနေနဲ့ အခြားသော ဓာတ်ပုံသမားများရဲ့ ဓာတ်ပုံတွေကို ကြည့်ဖို့ သိပ်စိတ်မဝင်စားပါဘူး။ သူက အဆိုပါဓာတ်ပုံသမားများရဲ့ contact sheet (ဖလင်နဂ္ဂတစ်တွေကို ကူးထားသည့် ဓာတ်ပုံစာရွက်) တွေကိုကြည့်ရတာ ပိုပြီးစိတ်ဝင်စားပါတယ်။ ဘာကြောင့်လဲဆိုတော့ contact sheet တွေက တစ်ဦးတစ်ယောက်ချင်းအကြောင်းကို ဖော်ပြနိုင်လို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။ လူငယ်ဓာတ်ပုံသမားတွေက သူတို့ရဲ့ ပုံတွေကို သုံးသပ်ဖို့ပြောလာရင် HCB အနေနဲ့ contact sheet တွေကို တောင်းလေ့ရှိပါတယ်။
HCB အနေနဲ့ Magnum ဓာတ်ပုံအေဂျင်စီကို လျှောက်ထားသူများကိုလည်း လက်ခံဖို့အတွက် contact sheet တွေပေါ်မှာ မူတည်ဆုံးဖြတ်တယ်လို့လည်း ထုတ်နှုတ်ပြောကြားချက်ရှိပါတယ်။ ဒီ contact sheet တွေက ဓာတ်ပုံသမားတစ်ယောက်အနေနဲ့ ပုံကောင်းတစ်ပုံရဖို့ ကံပေါ်မူမတည်ဘဲ ဘယ်လောက်စွမ်းရည်ရှိတယ်၊ ကြိုးစားရိုက်ကူးတယ်ဆိုတာကို ပိုမိုပေါ်လွင်စေလို့ပဲဖြစ်ပါတယ်။ ဓာတ်ပုံသမားအနေနဲ့ ပုံတစ်ပုံရဖို့အတွက် ဘယ်လိုရိုက်ကူးခဲ့သလဲ၊ အသုံးပြုတဲ့ ဖလင်နဲ့ပတ်သက်လို့ ကျွမ်းကျင်မှုရှိသလား၊ ဒါမှမဟုတ် စိတ်ကူးပေါက်ရာ လျှောက်ရိုက်ထားသလား စတာတွေကို သူတို့ရဲ့ contact sheet ကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
HCB ရဲ့ အပေါ်က contact sheet ကိုကြည့်ရင် အကောင်းဆုံးပုံကို မရခင် သူရိုက်လာခဲ့တဲ့ အဆင့်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီရိုက်ကွက်တွေကို သူပြန်ကြည့်တဲ့အခါမှာ အသုံးပြုလို့ရနိုင်တဲ့ ပုံတွေကို သာမန်အဆင့် (maybe) ကနေ ကောင်းမွန် (perfect) အထိ အခြစ်တစ်ခုမှ လေးခုအထိ မှတ်သားပါတယ်။
ဒီနေရာမှာ “အဆုံးအဖြတ်ပေးတဲ့ အခိုက်အတန့်” (decisive moment) ဆိုတာနဲ့ပတ်သက်လို့ လွဲမှားယူဆနေတဲ့အချက်တစ်ချက်ရှိပါတယ်။ လူအများစုက HCB အပါအဝင် ကျော်ကြားတဲ့ ဓာတ်ပုံသမားများဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခုကိုမြင်ပြီး ရိုက်လိုက်တယ်လို့ပဲ မြင်လေ့ရှိပါတယ်။ တကယ်က ဒီထက်ပိုပါတယ်။
ဓာတ်ပုံသမားများအနေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ မြင်ကွင်းကို ဓာတ်ပုံတစ်ပုံပဲရိုက်ပြီး ယင်းပုံက သူတို့ရဲ့ ကျော်ကြားတဲ့ ပုံတစ်ပုံဖြစ်လာတယ်ဆိုတာ ရှိပေမယ့် အလွန်ပဲရှားပါတယ်။ များသောအားဖြင့် ဓာတ်ပုံသမားများဟာ သူတို့မြင်တဲ့မြင်ကွင်းမှာ “အလုပ်” လုပ်ရပါတယ်။ တူညီတဲ့ မြင်ကွင်းကိုပဲ ဓာတ်ပုံအတော်များများရိုက်ခြင်း၊ မတူညီတဲ့ ရှုထောင့်မှရိုက်ခြင်း၊ အနီးကပ်ရိုက်ခြင်း၊ အလျားလိုက် နဲ့ ဒေါင်လိုက်ရိုက်ခြင်း စသဖြင့် အလုပ်လုပ်ရပါတယ်။
Contact sheet တွေဟာ သင်ကြားမှုကို အထောက်အကူပြုတဲ့ ကိရိယာများပဲဖြစ်ပါတယ်။ အကောင်းဆုံးပုံရဖို့အတွက် ရိုက်လာတဲ့ အဆင့်တွေကို ပြန်လည်လေ့လာနိုင်ပါတယ်။ ပုံတစ်ပုံကို သတိကြီးကြီးထားပြီး ရိုက်သလား သို့မဟုတ် တရပ်စပ်ရိုက်ကူးလိုက်သလား။ နောက်ခံမှာပါလာတဲ့ အကြောင်းအရာတစ်ခုကို တမင်ရည်ရွယ်ပြီးရိုက်သလား၊ မတော်တဆ ရလာတာလား စသဖြင့် အသေးစိတ်လေ့လာပါ။
ဆရာ့ဆရာများရဲ့ contact sheet များကိုလည်း လေ့လာပါ။ လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ကတော့ Magnum Contact Sheets စာအုပ်ပဲဖြစ်ပါတယ်။ ယင်းစာအုပ်မှာ ထင်ရှားတဲ့ ဓာတ်ပုံများနဲ့ ယင်းတို့ကို ရရှိဖို့ ရိုက်ကူးထားတဲ့ contact sheet များကို ဖော်ပြထားပါတယ်။
၃။ လမ်းပေါ်တွင် ရိုက်ကူးစဉ် “စီးမျောခြင်း”
Henri Cartier-Bresson လမ်းပေါ်တွင် ဓာတ်ပုံရိုက်ကူးနေစဉ်Henri Cartier-Bresson လမ်းပေါ်တွင် ဓာတ်ပုံရိုက်ကူးနေစဉ်
Street photographer တစ်ယောက်အနေနဲ့ အရေးကြီးဆုံးအချက်တစ်ချက်က အဆုံးအဖြတ်ပေးတဲ့ အခိုက်အတန့်တွေအတွက် အဆင်သင့်ရှိနေဖို့နဲ့ လမ်းပေါ်မှာ ရိုက်ကူးစဉ် “စီးမျော” နေဖို့ဖြစ်ပါတယ်။
ဒီလို ရိုက်ကူးမှုမှာ စီးမျောနေတဲ့ street photographer တစ်ယောက်ဟာ ဘယ်လိုပုံလဲဆိုတာကို Truman Capote က HCB လမ်းပေါ်မှာ ရိုက်နေတာကိုကြည့်ပြီး ရေးထားတာရှိပါတယ်။
“နယူးအော်လင်းကလမ်းတွေမှာ HCB ဓာတ်ပုံရိုက်တာကို ကြည့်ခဲ့တာ သတိရမိပါတယ်။ လမ်းပလက်ဖောင်းတလျှောက်မှာ လှုပ်ရှားပျံသန်းနေတဲ့ ပုစဉ်းတစ်ကောင်လို Leica ကင်မရာသုံးလုံးကို လည်ပင်းမှာ ချိတ်ဆွဲထားပြီး နောက်ထပ်တစ်လုံးက သူ့မျက်လုံးနားကပ်လို့ ကလစ် ကလစ်နဲ့ (ကင်မရာက သူ့ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုလို) ပျော်ရွှင်စွာ၊ ဘာသာရေး စူးနှစ်မှုတစ်ခုလိုရိုက်ကူးနေပါတော့တယ်” လို့ ရေးသားခဲ့ပါတယ်။
ဒါကို Capote က သူ့မှတ်ဉာဏ်ပေါ် အခြေခံပြီး ရေးခဲ့ခြင်း ဖြစ်ပါတယ်။ HCB ကတော့ သူ့အနေနဲ့ Leica ကင်မရာ နှစ်လုံးထက် ပိုသယ်လေ့မရှိဘူးလို့ ပြောပါတယ်။ သို့သော်လည်း Capote ရဲ့ ရေးသားချက်က လမ်းတွေပေါ်မှာ HCB ဓာတ်ပုံရိုက်ရင် ဘယ်လိုလဲဆိုတာကို ပြတ်ပြတ်သားသား ပေါ်လွင်စေပါတယ်။ အမြဲခြေဖျားထောက်ပြီး သက်ဝင်လှုပ်ရှားစွာနဲ့ ဘာသာရေး စူးနှစ်မှုတစ်ခုလို ရိုက်ကူးနေခြင်းကို မြင်စေပါတယ်။
ဒါဟာ လူအများပြောတဲ့ လုပ်ဆောင်မှုတစ်ခုမှာ နှစ်ဝင်ပြီး အခြားအရာများကို လုံးဝ ဂရုမပြုမိတဲ့“စီးမျာခြင်း” နဲ့ အလွန်ဆင်တူပါတယ်။ မိမိကိုယ်ကို မေ့လျော့ပြီး နှစ်ဝင်ပျော်မွေ့နေတာမျိုးပေါ့။
HCB ရဲ့ ဓာတ်ပုံတွေကိုကြည့်ရင် သူတို့မှာ နက်ရှိုင်းမှုနဲ့ အလွှာတွေပါရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ (သူ့ရဲ့ အိန္ဒိယက ဓာတ်ပုံတွေကို ကြည့်ပါ။) လမ်းပေါ်မှာ HCB ဓာတ်ပုံရိုက်တဲ့အခါ သူဟာ ဓာတ်ပုံရိုက်လို့ရမယ့်အနေအထားကို အမြဲကြည့်နေတာဖြစ်ပါတယ်။ ဘာမှ ကြည့်စရာမှရှိလို့ နောက်ထပ် အဆုံးအဖြတ်ပေးတဲ့အခိုက်အတန့် မရမချင်း သူမှာ စိတ်ဖိစီးမှု ရှိနေပါတော့တယ်။ ဘာကြောင့် စိတ်ဖိစီးပြီးနေရသလဲဆိုတာကို HCB ကိုယ်တိုင် ရှင်းပြထားပါတယ်။“ရိုက်ကူးသူအနေနဲ့ တဒင်္ဂအတွင်း ဖြစ်ပျက်သွားတဲ့ ခြေလက်ဟန်အမူအယာ၊ စတာတွေကို မပျောက်ပျက်သွားခင် ဖမ်းယူနိုင်ရမယ်။ ဒီ့အတွက် စိတ်ဖိစီးရတာပဲ။
ငါ့သူငယ်ချင်းတွေအတွက် စိတ်ပျက်ဖွယ်ဖြစ်ပေမယ့် ဒီလိုတင်းမာမှုကို အမြဲထိမ်းထားမှ အရှိတရားနဲ့ နီးကပ်နိုင်မှာဖြစ်တယ်” လို့ ရှင်းပြပါတယ်။
HCB အနေနဲ့ ဒီလို “တဒင်္ဂအတွင်း ဖြစ်ပျက်သွားတဲ့ ခြေလက်ဟန်အမူအယာ”တွေကို အမြဲရှာဖွေနေပြီး ဒီလိုအခွင့်အလမ်းတွေ လွတ်သွားမှာကို စိုးရိမ်ကြောင်း မျှဝေသွားပါတယ်။ ဒီလို စိတ်ဖိစီးမှုအမြဲထားရှိနေခြင်းကပဲ သူ့ကိုရှင်သန်နေအောင် ပြုလုပ်ပေးပါတယ်။Street photographer တစ်ယောက်အနေနဲ့ အမြဲတမ်း စိတ်ဖိစီးပြီးနေရမယ်လို့တော့ မယူဆစေချင်ပါဘူး။ သို့သော်လည်း ဒီလိုရိုက်ကူးနေတဲ့ စိတ်အခြေအနေတစ်ခုတော့ ရှိနေဖို့လိုပါတယ်။ ရိုက်ကူးနေမှုမှာ နစ်မျောနပြီး အခြားဘာကိုမှ ပူပန်မှုရှိမနေတဲ့ စိတ်အခြေအနမျိုးပေါ့။
ဒါဟာ မိမိရဲ့ ဖုန်းကို ပိတ်ထားခြင်း၊ နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးစေတဲ့ အကြောင်းတွေကို ပူပန်မှုမရှိခြင်း စတာတွေဖြစ်ပါတယ်။ အခြားရိုက်ဖော်များနဲ့အတူ ရိုက်ရတာ နှစ်သက်ရင်း အတူရိုက်နိုင်သလို တစ်ဦးတည်းရိုက်ရတာကို နှစ်သက်ပါကလည်း တစ်ဦးတည်းထွက်ရိုက်ပါ။ လမ်းပေါ်မှာ ရိုက်ရတာကို နှစ်သက်မှုရှိပြီး တစ်ချိန်တည်းမှာလည်း အပြုံးလေးတစ်ချက်၊ အကြည့်တစ်ချက် သို့မဟုတ် အမူအရာပါတဲ့ လက်ဟန်ခြေဟန် စတဲ့ “အဆုံးအဖြစ်ပေးတဲ့ အခိုက်အတန့်”တွေကို ဖမ်းယူနိုင်ဖို့လည်း အားစိုက် ရိုက်ကူးပါ။
၄။ Street photography တွင် composition နဲ့ juxtaposition များ အသုံးပြုခြင်း
Henri Cartier-Bresson ရဲ့ ထင်ရှားတဲ့ စက်ဘီးစီးသမား ဓာတ်ပုံ။ ဒီပုံမှာ composition ဟာ Fibonacci Sequence နဲ့ ထပ်တူကျနေတာ တွေ့နိုင်ပါတယ်။
Street photography ဟာ ခက်ခဲပါတယ်။ စိတ်ဝင်စားဖွယ် အခိုက်အတန့်တွေကို ရှာဖွေဖို့လိုသလို ဒီအခိုက်အတန့်တွေကို နှစ်သက်ဖွယ်ကောင်းတဲ့ အထားအသို၊ တည်ဆောက်ပုံနဲ့ မြန်မြန်ဆန်ဆန် ပြတ်ပြတ်သားသား ဖမ်းယူနိုင်ဖို့ လိုအပ်ပါတယ်။
HCB ရဲ့ ဓာတ်ပုံတွေမှာ juxtaposition (ဆန့်ကျင်ဘက်အရာတွေကို ပူးတွဲဖော်ပြခြင်း) ကစားတာကို မကြာခဏ တွေ့မြင်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်လို့ HCB က ကဗျာတစ်ပုဒ်အနေနဲ့ ရှင်းပြပါတယ်။
“ကဗျာမှာ အကြောင်းအရာနှစ်ခုဟာ ရုတ်တရတ် ဆန့်ကျင်ဘက်ဖြစ်သွားပြီး မီးထပွင့်သလိုမျိုး” လို့ တင်စားပါတယ်။
ဓာတ်ပုံတစ်ပုံကို တည်ဆောက်တဲ့အခါမှာ ပုံအတွင်း တင်းအားနဲ့ ဆန့်ကျင်ဘက်ဖြစ်မှုတွေကို ပူးတွဲဖော်ပြနိုင်ဖို့ ကြိုးစားပါ။ အခြေခံအားဖြင့် ဆန့်ကျင်ဘက်ဖြစ်မှုကို အကြောင်းအရာနှစ်ခုနဲ့ စတင်နိုင်ပြီး Alex Webb ကဲ့သို့ ခေတ်ပြိုင် လက်ရာတွေကိုကြည့်ရင် သူဟာ အကြောင်းအရာအမျိုးမျိုးကို ပူးတွဲဖော်ပြတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အသံတစ်ခုတည်းထွက်တဲ့ ပုံတွေအစား အသံအမျိုးမျိုးပါဝင်အောင် ပြုလုပ်ပါ။ ဓာတ်ပုံအတွင်းက အကြောင်းအရာအမျိုးမျိုးနဲ့ ကြည့်သူ စိတ်ဝင်စားလာအောင် ပြုလုပ်ပါ။
HCB ရဲ့ ပုံတွေကို ကြည့်ရင် အလွန်ကောင်းမွန်တဲ့ composition (ဖွဲ့စည်းတည်ဆောက်ပုံ) ရှိပြီး ဂျီသြမေတြီဆန်တာကို တွေ့ရမှာဖြစ်ပါတယ်။
HCB က “ပန်းချီကားတစ်ချပ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို လေ့လာဆန်းစစ်လို့ရနိုင်သလို ဓာတ်ပုံကောင်းတစ်ပုံမှာလည်း အချိုးညီမျှမှု၊ စတုဂံအတွင်းက စတုရန်း၊ ရွှေရောင်စည်းမျဉ်း စတဲ့တူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှာဖွေနိုင်ပါတယ်။ ဒါကြောင့် Leica ရဲ့ နဂ္ဂတစ်တွေရဲ့ ၂၄မီလီမီတာ ၃၆မီလီမီတာ စတုဂံအချိုးအစားကို နှစ်သက်ရခြင်းဖြစ်ပါတယ်။ ငါက geometry ကို နှစ်သက်မှုရှိတယ်” လို့ ရှင်းပြပါတယ်။
HCB အနေနဲ့ သူ့ရဲ့ ဓာတ်ပုံတွေကို ဘယ်လို တည်ဆောက်ပါသလဲ။ “သုံးပုံအချိုး စည်းမျဉ်း”ကို အသုံးပြုပါသလား။ ဒါမှမဟုတ် ပိုမို ရှုပ်ထွေးတဲ့စည်းမျဉ်းကို အသုံးပြုသလား။
ဂန္တဝင်လက်ရာတွေကို သချင်္ာနည်းနဲ့ လေ့လာတဲ့ စနစ်တစ်ခုနဲ့ ပတ်သက်လို့ လုပ်ဆောင်နေတဲ့ Andre Lhote လက်အောက်မှာ သင်ကြားခဲ့တဲ့ HCB ဟာ “golden section” နည်းလမ်းပေါ်မှာ အခြေခံတဲလို့ Westerbeck က ရှင်းပြပါတယ်။ ပန်းချီသမားတွေ composition ကို အသုံးပြုသလိုမျိုးပဲ ဓာတ်ပုံမှာ composition အသုံးပြုမှုကို အသုံးပြုသင့်ပါတယ်။ ဒါတွင်မကဘဲ ကောင်းမွန်တဲ့ street ဓာတ်ပုံတစ်ပုံမှာ အားကောင်းတဲ့ အကြောင်းအရာနဲ့ ပုံသဏ္ဌန်ရှိဖို့လည်း လိုအပ်ပါတယ်။ အများစုရိုက်လေ့ရှိတဲ့ ဓာတ်ပုံတွေဟာ စိတ်ဝင်စားဖွယ် နေရာ၊ လူပုဂ္ဂိုလ် အစသဖြင့် အကြောင်းအရာ ကောင်းမွန်မှုရှိတတ်သော်လည်း ကောင်းမွန်တဲ့ composition ရဖို့ ခက်ခဲတာ တွေ့ရပါတယ်။
၅။ အိမ်ခြေယာမဲ့များကို ဓာတ်ပုံရိုက်ခြင်း
Henri Cartier-Bresson အနေနဲ့ အိမ်ခြေယာမဲ့များကို ဓာတ်ပုံရိုက်ခြင်းအား ဆန့်ကျင်တဲ့ဘက်မှ နေလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ သူလည်း ရိုက်ကူးတတ်ပါတယ်။ ဓာတ်ပုံ – Henri Cartier-Bresson
လမ်းပေါ်မှာ ဓာတ်ပုံရိုက်တဲ့အခါမှာ အကဲဆတ်တဲ့ ခေါင်းစဉ်တစ်ခုကတော့ အိမ်ခြေယာမဲ့များနဲ့ ဆင်းရဲမွဲတေသူများကိုဓာတ်ပုံရိုက်ခြင်းနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာပဲဖြစ်ပါတယ်။ သူတို့ကို ဓာတ်ပုံရိုက်သင့်ပါသလား၊ မရိုက်သင့်ဘူးလား။
Street Photography ရဲ့ သမိုင်းကိုကြည့်ရင် အိမ်ခြေယာမဲ့များကိုရိုက်ကူးတဲ့ street ပုံတွေ အများကြီးရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ Henri Cartier-Bresson, Walker Evans အစရှိတဲ့ ဆရာကြီးများနဲ့ အခြားသူများ အိမ်ခြေယာမဲ့များကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ရှိပါတယ်။
သို့သော်လည်း HCB ကို ဒီခေါင်းစဉ်နဲ့ပတ်သက်လို့ အင်တာဗူျးတဲ့အခါ မှာတော့ သူက “စိတ်ပူပင်သောကရောက်နေတဲ့သူတွေကို ဘယ်တော့မှ ဓာတ်ပုံရိုက်မှာမဟုတ်ဘူး။ လူသားတိုင်းကို လေးစားမှုရှိရမယ်” လို့ ဖြေသွားခဲ့ပါတယ်။
သို့သော်လည်း HCB မက္ကဆီကိုမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံအတော်များများနဲ့ အမေရိကန်ပြည်ထောင်စုမှာရိုက်တဲ့ ဓာတ်ပုံတွေမှာတောင် အိမ်ခြေယာမဲ့တွေရဲ့ ပုံတွေကို မြင်တွေ့နိုင်ပါတယ်။
အိမ်ခြေယာမဲ့တွေကို ဓာတ်ပုံရိုက်သင့် မရိုက်သင့်ကိုတော့ မိမိဘာသာပဲ ဆုံးဖြတ်သင့်ပါတယ်။ ဒါပေမယ့် ဒီလို ဆင်းရဲမွဲတေသူများကိုဓာတ်ပုံရိုက်ခြင်းဟာ အရေးပါတဲ့ လူမှုရေးတာဝန်တစ်ခုလည်း ဖြစ်ပါတယ်။ Street ပုံတွေဟာ ပျော်နေတဲ့ အခိုက်အတန့်တွေကိုပဲ ဖမ်းယူတယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ အပေါင်းလက္ခဏာမှစလို့ အနှုတ်လက္ခဏာအထိ အမျိုးမျိုးသော စိတ်လှုပ်ရှားမှုတွေကို ဖမ်းယူခြင်းသာ ဖြစ်သင့်ပါတယ်။
ဒီလို လိုအပ်ချက်ရှိနေတဲ့သူတွေရဲ့ပုံကို ရိုင်းပျတဲ့အသွင်မဆောင်ဘဲ ရိုက်ကူးဖော်ပြနိုင်တယ်ဆိုရင်ဖြင့် ဒါဟာ လူမှုဝန်းကျင်ကို ကူညီနေတာပဲဖြစ်ပါတယ်။ အိမ်ခြေယာမဲ့တွေကို သူတို့အိမ်ခြေယာမဲ့ဖြစ်နေတဲ့ အကြောင်းကို ဖော်ပြရုံရိုက်ကူးမယ့်အစား သူတို့ကို စကားပြောဆိုပြီး ကင်မရာနဲ့မရိုက်ကူးခင် သူတို့အကြောင်းကို သိအောင် မပြုလုပ်သင့်ဘူးလား။ သူတို့ဘဝဇာတ်ကြောင်းကို စိတ်ဝင်စားမှုရှိကြောင်းပြသပြီး တလေးတစား နားထောင်ပါ။ အိမ်ခြေယာမဲ့ဖြစ်ရခြင်းမှာ အဆိုးဆုံးက ဆင်းရဲမွဲတေမှုမဟုတ်ဘဲ ပျောက်ကွယ်နေသလိုဖြစ်ရတဲ့ ခံစားမှုပါ။ လူတိုင်းက သူတို့ကို လျစ်လူျရှုပြီး အချိန်တစ်စက္ကန့်လေးတောင် လှည့်မကြည့်ကြပါဘူး။
မိမိရဲ့ နှလုံးသားက လမ်းညွှန်မှုနောက်ကို လိုက်ပါ။ နောက်ပြီး လူသားတွေက ဓာတ်ပုံထက် ပိုအရေးပါတယ်ဆိုတာကို သိနားလည်ထားပါ။
၆။ ဓာတ်ပုံနှင့် အသက်မွေးဝမ်းကြောင်းပြုခြင်း
ဓာတ်ပုံသတင်းထောက်အဖြစ် တရုတ်ပြည်မှ ဆူမှုထကြွမှုကို တာဝန်ယူရိုက်ကူးထားတဲ့ ရိုက်ကူးထားသည့် Henri Cartier-Bresson ၏ ဓာတ်ပုံ။
လူအများဟာ ဓာတ်ပုံနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ စိတ်ကူးယဉ်ကြပါတယ်။ မိမိရဲ့ စွဲလမ်းမှုကို အသက်မွေးဝမ်းကြောင်းအဖြစ် ပြောင်းလဲလိုကြပါတယ်။ မိမိအထက်က သူဌေးရဲ့ ပြောစကားကို နားမထောင်ဘဲ မိမိသွားလိုရာကို သွားလိုကြပါတယ်။
ဒါပေမယ့် မိမိရဲ့ စွဲလမ်းမှုနဲ့ မိမိစွမ်းဆောင်ရည်ရှိတာကို ထိပ်တိုက်တွေ့တဲ့အခါ ဘယ်လိုလုပ်ကြမလဲ။ ကိုယ်ကျွမ်းကျင်တာကို အသက်မွေးဝမ်းကြောင်းပြုဖို့ကြိုးစားရင် ဘာဖြစ်မလဲ။ Henri Cartier-Bresson အနေနဲ့ ဓာတ်ပုံသတင်းထောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုဖို့ ပြောင်းလဲလိုက်တဲ့အခါမှာ ဖြစ်လာတဲ့ ထိပ်တိုက်တွေ့မှုတွေကို လေ့လာနိုင်ပါတယ်။
HCB အနေနဲ့ ပန်းချီကို စတင်စိတ်ဝင်စားခဲ့ပြီး အသည်းအသန် လေ့လာခဲ့ပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ သူကျွမ်းကျင်တာလို့ သိရှိခဲ့ရပါတယ်။ ဓာတ်ပုံတွေကို သူက “အမြန်ဆွဲတဲ့ ကောက်ကြောင်းများ”လို့ ရည်ညွှန်းပါတယ်။ သို့သော်လည်း သူ့အနေနဲ့ ပန်းချီကို ဓာတ်ပုံထက်ပိုမို နှစ်သက်ခဲ့ပြီး သူဓာတ်ပုံမရိုက်တော့တဲ့နောက်မှာ ကျန်တဲ့ သူ့ဘဝရဲ့အချိန်တွေကို ပန်းချီမှာပဲ နှစ်မြှုပ်သွားခဲ့ပါတယ်။
HCB အနေနဲ့ ဓာတ်ပုံသတင်းထောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခြင်းနဲ့ပတ်သက်လို့ စိတ်ထဲမှာ ကသောင်းကနင်းဖြစ်ခဲ့ပါသေးတယ်။ ဒါဟာ သူတကယ်စွဲလမ်းခဲ့တာမဟုတ်ပေမယ့် အသုံးစရိတ်ကို ထောက်ပံ့ပေးနိုင်ပြီး ခရီးတွေလည်း သွားဖို့အတွက် အခွင့်အရေး ပေးပါတယ်။
ဓာတ်ပုံသမားအများစုဟာ ဓာတ်ပုံနဲ့ အချိန်ပြည့်အသက်မွေးဝမ်းကြောင်းပြုခြင်းကို ပြောင်းလဲပြီးနောက်မှာ သူတို့ရဲ့ ဓာတ်ပုံအပေါ်စွဲလမ်းမှုဟာ လျော့နည်းလာတတ်ပါတယ်။ အဲသလိုပဲ အခြားအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဓာတ်ပုံသမားများဟာလည်း အလုပ်ကထွက်ပြီး အချိန်ပြည့် ဓာတ်ပုံနဲ့ အသက်မွေးဖို့ စိတ်ကူးကြပါတယ်။ သူတို့ဟာ ကြုံတွေ့ရမယ့် စိတ်ဖိစီးစရာတွေကို သတိမပြုမိသေးလို့ ဖြစ်နိုင်ပါတယ်။
အခြားအသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုရှိနေပါက အချိန်ပြည့် ဓာတ်ပုံသမားထက် ဝင်ငွေလမ်းကြောင်း ပိုမှန်နိုင်ပြီး မိမိလိုချင်တဲ့ ကင်မရာ၊ မှန်ဘီလူး စတာတွေကို ဝယ်ယူဖို့၊ ခရီးတွေသွားဖို့၊ စတာတွေအတွက် အခွင့်အလမ်း ပေးပါလိမ့်မယ်။
ဒါ့အပြင် မိမိရဲ့ ကိုယ်ပိုင်ဓာတ်ပုံအတွက် ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်နိုင်ပါလိမ့်မယ်။ ဓာတ်ပုံနဲ့ အသက်မွေးပါက ကြုံရမယ့် assignment တွေနဲ့ ရောထွေးဖို့ မရှိနိုင်တော့ပါဘူး။
ဒါတွေဟာ အချိန်ပြည့် ဓာတ်ပုံနဲ့အသက်မွေးတာကို ဆန့်ကျင်တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အခြားအလုပ်ရှိတဲ့အတွက် ဓာတ်ပုံမဖန်တီးနိုင်ဘူးလို့ မတွေးမိစေဖို့ပါပဲ။ တစ်ဖက်ခြံကမြက်က ပိုစိမ်းတယ်ဆိုတဲ့ စကားပုံကို သတိပြုမိဖို့ပါပဲ။
၇။ ဇင် နဲ့ Street Photography
ဓာတ္ပံု – Henri Cartier-Bresson
ဓာတ်ပုံ – Henri Cartier-Bresson
Henri Cartier-Bresson ရဲ့ ဓာတ်ပုံပညာအပေါ် လှုံ့ဆော်မှုအရှိဆုံးစာအုပ်က Eugen Herrigel ရဲ့ “Zen in the art of archery” ဆိုတဲ့စာအုပ်လို့ ပြောပါတယ်။
“ဒီစာအုပ်ကို လွန်ခဲ့တဲ့နှစ်အတော်ကြာက ရှာဖွေတွေ့ခဲ့တာဖြစ်ပြီး ဓာတ်ပုံရဲ့ အခြေခံအချက်လို့ ထင်မိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေအတိုင်းလေ့ကျင့်ခြင်း၊ ပြင်းပြင်းထန်ထန် အားထုတ်ခြင်းနဲ့ အဲ့ဒီ့အတွက် မိမိကိုယ်ကို လုံးဝမေ့သွားခြင်း စသဖြင့် ပန်းချီဆွဲခြင်းနဲ့ ပတ်သက်လို့ Matisse ရေးခဲ့ဖူးသလိုပါပဲ။ ဓာတ်ပုံမှာလည်း အဲလိုပဲ သဘောထားသင့်ပါတယ်။ လွတ်လပ်မှုနဲ့ပတ်သက်လို့ကတော့ အဆုံးမရှိတဲ့ အမျိုးကွဲတွေကို ခွင့်ပြုတဲ့ လေ့ကျင့်မှုတစ်ခုပါပဲ။ ဒါဟာ ဇင်ရဲ့ အခြေခံလည်း ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
HCB ပြောခဲ့သလိုပဲ လမ်းပေါ်မှာ ဓာတ်ပုံရိုက်တဲ့အခါ ကြိုးကြိုးစားစားရိုက်ပြီး မိမိကိုယ်ကို လုံးဝမေ့ပြီး မိမိရဲ့ ဖမ်းတီးနိုင်မှုစွမ်းရည်ရဲ့ အကန့်အသတ်ကို ဆွဲဆန့်ဖို့ ကြိုးစားသင့်ပါတယ်။ တစ်ချိန်တည်းမှာလည်း ပွင့်လင်းတဲ့စိတ်အခံနဲ့ ပုံတွေကို ဖန်တီးရိုက်ကူးပါ။
လမ်းပေါ်မှာရိုက်တဲ့အခါ ပွင့်လင်းတဲ့စိတ်အခံနဲ့ “များများစားစား တွေမနေဖို့” ကို ရှင်းပြပါတယ်။
“တွေးတာကို မရိုက်မီနဲ့ ရိုက်ပြီးနောက်မှာပဲ ပြုလုပ်သင့်တယ်။ ရိုက်နေတဲ့အချိန်မှာတော့ ဘယ်တော့မှ တွေးမနေသင့်ဘူး။ အောင်မြင်မှုဆိုတာ ယေဘုယျကျတဲ့ ယဉ်ကျေးမှု၊ တန်ဖိုးထားမှု၊ စိတ်ရဲ့ ကြည်လင်မှု စတာတွေပေါ်မှာ မူတည်ပါတယ်” လို့ ရှင်းပြပါတယ်။
အထက်က HCB ကို ကိုးကားချက်နှစ်ခုကို အခြေခံပြီး လမ်းပေါ်မှာ ဓာတ်ပုံရိုက်တဲ့အခါ အသေးစိတ်ခွဲခြမ်းစိတ်ဖြာနေတာတွေ လိုတာထပ်ပိုမလုပ်မိဖို့လိုအပ်ကြောင်း သိနိုင်ပါတယ်။ ပွင့်လင်းတဲ့စိတ်အခံနဲ့ ဓာတ်ပုံရိုက်လို့ရမယ့် အခွင့်အလမ်းတွေကို စောင့်ပါ။ ဘယ်လိုပုံတွေကို ရိုက်မယ်ဆိုပြီး ကြိုတင်ကြံစည်မထားပါနဲ့။
ဓာတ်ပုံရိုက်ကူးခြင်းနဲ့ composition တို့နဲ့ ပတ်သက်လို့ကတော့ ဓာတ်ပုံစာအုပ်တွေနဲ့ ထင်ရှားတဲ့ဓာတ်ပုံတွေကို များများကြည့်ခြင်းဖြင့် ဘယ်အရာက ဓာတ်ပုံကောင်းတစ်ပုံဖြစ်စေသလဲဆိုတာကို သိအောင်ပြုလုပ်ပါ။ ဒီလိုနဲ့ လမ်းပေါ်မှာရိုက်တဲ့အခါ စိတ်ဝင်စားဖို့ကောင်းပြီး ကောင်းစွာဖွဲ့စည်းထားတဲ့ပုံတွေကို ရိုက်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ အထပ်ထပ် လေ့ကျင့်ခြင်းရဲ့ ရလာဒ်ပဲ ဖြစ်ပါတယ်။
၈။ ဓာတ်ပုံတွေမှာ အပြစ်အနာအဆာပါခြင်း၊ အနက်အဓိပ္ပါယ် မပြတ်သားခြင်း
ဓာတ္ပံု – Henri Cartier-Bresson
ဓာတ်ပုံ – Henri Cartier-Bresson
အနုပညာသမားတွေအနေနဲ့ မိမိတို့ရဲ့အနုပညာကို မိမိကိုယ်တိုင် ပြန်စိတ်ဝင်စားမှုမဖြစ်စေတဲ့ အခိုက်အတန့်တွေ ကြုံရတတ်ပါတယ်။ HCB ကိုယ်တိုင် ဒီလိုကြံုတွေ့ခဲ့ရဖူးပါတယ်။ HCB အနေနဲ့ သူ့ရဲ့ ဓာတ်ပုံတွေကို ဖျက်ဆီးဖြစ်ဖို့ ကြံဖူးတဲ့ အကြောင်းလေးကို ဖော်ပြလိုက်ပါတယ်။ ဘာကြောင့်ဖျက်ဆီးချင်တာလဲဆိုတော့ သူ့ရဲ့ ဓာတ်ပုံတွေဟာ အပြစ်အနာအဆာမရှိလို့ပါတဲ့။
၁၉၆၀ နှစ်ကာလတစ်ဝိုက်မှာ HCB အနေနဲ့ Magnum မှာ သူ့ရဲ့တစ်သက်တာ ရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို အမြောက်အများ ဖျက်ဆီးဖြစ်ဖို့ ကြံစည်တာကို Romeo Martinez က သိရှိခဲ့ရပါတယ်။ Martinez က သူ့ရဲ့သူငယ်ချင်းကို အဲသလို မဖျက်ဆီးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဖျက်ပြစ်မယ့်အစား Martinez နဲ့အတူ HCB ရဲ့ ဓာတ်ပုံတွေကို တည်းဖြတ်ပေးလေ့ရှိသူ အယ်ဒီတာလည်းဖြစ်၊ ထုတ်ဝေသူလည်းဖြစ်တဲ့ Robert Delpire နဲ့ Magnum ရဲ့ ပုံနှိပ်သူ Pierre Gasman တို့ကို ဓာတ်ပုံတွေ တည်းဖြတ်ဖို့ ခွင့်ပေးပါတယ်။ တည်းဖြတ်ပြီးတဲ့အခါမှာလည်း HCB အနေနဲ့ ကျေနပ်မှုမရှိပါဘူး။ ရွေးချယ်တည်းဖြတ်ထားတဲ့ပုံတွေမှာ “ပိတ်ထားတဲ့ အသွင်” ရှိနေတယ်လို့ HCB အနေနဲ့ ခံစားရတယ်လို့ Martinez က ပြောပါတယ်။ HCB အနေနဲ့ အစဉ်အလာ ကန့်သတ်မှုတွေထဲက composition တွေကို လက်ခံလို့ မရတော့ပါဘူး။ Martinez ရဲ့ပြောကြားချက်အရ ဓာတ်ပုံတွေကို ဖျက်ပြစ်လိုတဲ့ အကြောင်းပြချက်က ပုံတွေဟာ “အပြစ်အနာအဆာမရှိကောင်းမွန်ပြီး၊ အနက်အဓိပ္ပါယ် မပြတ်သားခြင်း လုံလုံလောက်လောက် မပါဝင်လို့” ဖြစ်ပါတယ်။
သမိုင်းမှာ အကြီးကျယ်ဆုံးလို့ ဆိုနိုင်တဲ့ HCB တောင်မှ မိမိကိုယ်ကို သံသယဝင်တာမျိုး ဖြစ်တတ်ပါတယ်။ စာဖတ်သူတို့အနေနဲ့လည်း ဒီလိုအခိုက်အတန့်တွေ ကြုံလာရင် စိတ်မပျက်ဖို့ တိုက်တွန်းလိုပါတယ်။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်း ကြံုတွေ့ကြရတဲ့ အခိုက်အတန့်တွေပါပဲ။
နောက်ထပ်မှတ်သားသင့်တဲ့အချက်က HCB ပြောတဲ့ သူ့ရဲ့ဓာတ်ပုံတွေမှာ “ပိတ်ထားတဲ့ အသွင်”နဲ့ “အပြစ်အနာအဆာမရှိ” တို့တွေ့ရတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ သူ့ရဲ့ ဓာတ်ပုံတွေမှာ အဓိပ္ပါယ် မပြတ်သားတာမျိုးကို လိုချင်ခဲ့ပါတယ်။
မိမိတို့ကိုယ်တိုင် ရိုက်ကူးတဲ့အခါမှာလည်း ဓာတ်ပုံတွေကို “ပြီးပြည့်စုံလွန်း”အောင်ပဲ အမြဲကြိုးစားနေဖို့မလိုပါဘူး။ အပြစ်အနာအဆာ အနည်းငယ်ပါဝင်ခြင်းနဲ့ ထူးခြားတဲ့ အသေးစိတ်ကလေးတွေ ပါဝင်မှုတို့က ကောင်းတဲ့ street ပုံတစ်ပုံ ဖြစ်စေနိုင်ပါတယ်။
၉။ Street photography တွင် စတိုင် တူညီခြင်း/ မူရင်းဖြစ်ခြင်း
ဓာတ္ပံု – Walker Evans
ဓာတ်ပုံ – Walker Evans
အနောက်ဘက်မှာ ပြောလေ့ရှိတာကတော့ စတိုင် သီးသန့်ဖြစ်ခြင်းနဲ့ မူရင်းဖြစ်ခြင်းတို့ရဲ့ အရေးပါမှုပဲဖြစ်ပါတယ်။ ဒါကပဲ ဓာတ်ပုံသမားတွေကို စိတ်ဒေါသ အတော်ဖြစ်စေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဓာတ်ပုံသမားတိုင်းမှာ နှစ်သက်ရတဲ့ မူရင်းစတိုင်တွေရှိပြီး ဒါတွေကို သိရက်ဖြစ်စေ၊ မသိဘဲနဲ့ဖြစ်စေ စုပ်ယူစုဆောင်းမိတတ်လို့ပဲ ဖြစ်ပါတယ်။
တစ်ခါတစ်လေမှာ အခြားသော street သမားတွေရဲ့ စတိုင်ကို ကော်ပီကူးတယ်လို့ စွပ်စွဲခံရတဲ့အထိ ကြုံရတတ်ပါတယ်။ သို့သော်လည်း မူရင်းဖြစ်ခြင်းဆိုတာ ရှိတယ်လို့ လက်ခံဖို့ခက်ပါတယ်။ လက်ရှိအချိန်နဲ့ အတိတ်ကနေရရှိတဲ့ မတူညီတဲ့ အမြင်တွေကို ရောယှက်ပြီးပေါင်းစပ်ထားတာလို့ပဲ မြင်မိပါတယ်။
ဒုတိယ ကမ္ဘာစစ်ကြီး အပြီးနောက်ပိုင်း ပြင်သစ်မှာ ဓာတ်ပုံဆရာကြီးတွေက Robert Doisneau, Andre Kertesz, Henri Cartier-Bresson, Brassai တို့ ဖြစ်ကြပါတယ်။ သူတိုခေတ်က လူငယ် ဓာတ်ပုံသမားတွေဟာ ဒီဆရာတွေရဲ့ ဓာတ်ပုံအတွက် အကြောင်းအရာယူပုံ နဲ့ အနုပညာအမြင်တွေကို ကူးယူဆက်ခံမိကြမှာပဲ ဖြစ်ပါတယ်။
ကျော်ကြားတဲ့ အမေရိကန် ဓာတ်ပုံဆရာ Walker Evans ကလည်း Eugene Atget ကဲ့သို့သော အခြားသော ဓာတ်ပုံသမားများရဲ့ လက်ရာများကနေ အားပေးလှုံ့ဆော်မှုရခဲ့တယ်လို့ ပြောပါတယ်။
မိမိရဲ့ Street ဓာတ်ပုံတွေကို ကိုယ့်ရဲ့ မူရင်းစတိုင်ပဲဖြစ်ရမယ်လို့ တွေးမနေပါနဲ့။ ဓာတ်ပုံစာအုပ်တွေကနေဖြစ်စေ၊ အင်တာနက်ကနေဖြစ်စေ လေ့လာပါ။ ဓာတ်ပုံများများကြည့်လေ ဘယ်လိုပုံတွေက မိမိကို စွဲဆောင်နိုင်သလဲ မစွဲဆောင်နိုင်သလဲကို သိလာမှာ ဖြစ်ပါတယ်။
၁၀။ ကာလရှည် ပရောဂျက်များ ဆောင်ရွက်ခြင်း
Josef Koudelka ၏ Gypsies ဓာတ္ပံုစာအုပ္မွ
Josef Koudelka ၏ Gypsies ဓာတ်ပုံစာအုပ်မှ
Magnum ဓာတ်ပုံသမားတစ်ဦးဖြစ်တဲ့ Josef Koudelka အနေနဲ့ ဆယ်ဆုနှစ်တစ်ခုစာလောက် ဥရောပ အရှေ့ပိုင်းက Roma လူမျိုးတွေနဲ့ အတူနေ၊ အတူသွားပြီး ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။ သူ့ရဲ့ပုံတွေဟာ အလွန်ပဲ ရင်းနှီးပုံပေါက်ပြီး အားလည်းအလွန်ကောင်းပါတယ်။ ဒီလိုပုံတွေကို ဘယ်လိုများ ဖန်တီးနိုင်ခဲ့ပါသလဲ။ Koudelka ကတော့ ဒါဟာ အနှောက်အယှက်မရှိဘဲ ကာလရှည် လုပ်ဆောင်နိုင်ခဲ့လို့လို့ ဆိုပါတယ်။
ကောင်းမွန်တဲ့ ပရောဂျက်တိုင်းဟာ အချိန်ယူရပါတယ်။ အစောတလျင်လုပ်ဆောင်ဖို့လိုတယ်လို့ ဘယ်တော့မှ မတွေးမိပါစေနဲ့။ ကာလရှည် ပရောဂျက်များဟာ မှန်းထားတာထက် ပိုကြာသွားတတ်တာတော့ သတိထားရမှာဖြစ်ပါတယ်။
Eric Kim ၏ The History of Street Photography: Timeless Insights You Can Learn ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
Eric Kim ဟာ အမေရိကန်ပြည်ထောင်စုမှ Street Photographer တစ်ဦးဖြစ်ပြီး (http://erickimphotography.com/blog/) မှာ Street Photography နဲ့ ပတ်သက်ပြီး ဆောင်းပါးများ၊ အင်တာဗျူးများ ရေးသားနေသူ ဖြစ်ပါတယ်။
ဘာသာပြန် – THT
Street Photography ရဲ့ သမိုင်း – အပိုင်း (၂) ဆက်လက်ဖတ်ရှုရန်
Leave a Reply