Street Photography ဆိုတဲ့မြင်းရိုင်းကို တရားထိုင်သလိုထိန်းကျောင်းပြီးဓါတ်ပုံရိုက်လေ့ရှိတဲ့ ကိုစိုင်းထင်လင်းထက်နဲ့တွေ့ဆုံခြင်း

Articles

FC ကို ဓါတ်ပုံရောက်လာတဲ့အထဲ ပထမဦးဆုံးပို့တဲ့တစ်ပုံထဲနဲ့ ပုံကိုတွေ့တွေ့ချင်း WoW ဆိုပြီးဖြစ်စေခဲ့တဲ့သူ ကိုစိုင်းထင်လင်းထက်။ Miami Street Photography Festival, 2017 မှာ Finalist ဝင်ခဲ့တဲ့ မြန်မာပြည်က Street Photographer နှစ်ယောက်ထဲက တစ်ယောက်။ နိုင်ငံတကာက ဓါတ်ပုံနဲ့ပတ်သက်တဲ့ website တွေ၊ ပြပွဲတွေမှာ ခဏခဏပါဝင်ရလေ့ရှိသူတစ်ယောက်။ လူမှု အသိုင်းအဝိုင်းကြား ငြိမ်းချမ်းရေးတည်ဆောက်မှု သင်တန်းနည်းပြတစ်ဖြစ်ခဲ့ဖူးသူ စသဖြင့် ခေါင်းစဉ်ပေါင်းများစွာနဲ့ ကိုစိုင်းထင်လင်းထက်နဲ့ အင်တာဗျူးကို တင်ပြလိုက်ပါတယ်။

image

Photo Courtesy of Sai Htin Linn Htet

၁) ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါခင်ဗျ။

ကျွန်တော် စိုင်းထင်လင်းထက်ပါ။ Street နဲ့ Documentary Photography ကို အဓိကလုပ်ပါတယ်။ အရင်က လူမှု အသိုင်းအဝိုင်းကြား ငြိမ်းချမ်းရေးတည်ဆောက်မှု သင်တန်းနည်းပြ တစ်ဦးအနေနဲ့လုပ်ကိုင်ခဲ့ပါတယ်။

image

Photo Courtesy of Sai Htin Linn Htet

 

၂) ဓါတ်ပုံပညာကို ဘယ်အချိန်ကစပြီး စိတ်ဝင်စားခဲ့တာလဲခင်ဗျ။ 

ကင်မရာရိုက်တာကိုငယ်ငယ်ကတည်းကစိတ်ဝင်စားပါတယ်။ ကိုယ့်မိသားစုအတွက် တန်ဖိုးကြီးပစ္စည်းလို့သတ်မှတ်လို့ သိပ်ရိုက်ခွင့်မရှိပါဘူး။ သုံး လေးတန်းကျတော့ ကျွန်တော့် ဘကြီးရဲ့ point and shoot film ကင်မရာလေးတစ်ခါတစ်လေကိုင်ရရင်တော့ စိတ်ကြိုက်ရိုက်ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး အဆက်ပြတ်သွားခဲ့တာ လွန်ခဲ့တဲ့ လေးနှစ်ကျော်ကမှ ဓါတ်ပုံကို ပညာရပ်တစ်ခုလို လေ့လာခဲ့ပါတယ်။

image

Photo Courtesy of Sai Htin Linn Htet

 

၃) ခင်ဗျားမှာ အနုပညာမျိုးရိုး (သို့မဟုတ်) ဓါတ်ပုံပညာမျိုးရိုးရှိပါသလားခင်ဗျ။ 

ကျွန်တော့်အဖေက စာပေ၊ဂီတအစရှိသဖြင့် နှံစပ်တဲ့အလျှောက် ကျွန်တော်လည်း အဲဒီ အဝန်းအဝိုင်းမှာ ကြီးပြင်းခဲ့ရပါတယ်။ ဓါတ်ပုံပညာမျိုးရိုုးရှိတယ်လို့တော့ သိမထားပါ။

image

Photo Courtesy of Sai Htin Linn Htet

 

၄) ခင်ဗျားရဲ့ဖန်တီးမှုမှာ ဘယ်အနုပညာသမား (သို့) ဘယ်ဓါတ်ပုံဆရာရဲ့ လွှမ်းမှိုးမှုရှိတယ်လို့ ထင်ပါသလဲ။ 

ကျွန်တော်နေ့စဉ်ထိတွေ့ရတဲ့ ပြည်တွင်း ပြည်ပစာပေ၊ကဗျာ၊ဂီတ၊ဓါတ်ပုံ၊ ရုပ်ရှင် အစရှိတဲ့ medium အစုံက လွှမ်းမိုးတယ်လို့ပဲယူဆပါတယ်။ သဘောကျရတဲ့ Photographer, Cinematographer တွေကအများကြီးပါ။ Daidō Moriyama ပုံတွေ ကြည့်ရင်ဖြစ်တဲ့ ခံစားချက်ကို ကျွန်တော်သဘောကျတယ်။ ကျွန်တော်ဓါတ်ပုံရိုက်ရင် အဲလိုခံစားချက်မျိုး ဖြစ်လာအောင် ကျွန်တော့် Personal Style နဲ့ ထွက်လာဖို့ကြိုးစားပါတယ်။

image

Photo Courtesy of Sai Htin Linn Htet

 

၅) ဓါတ်ပုံတစ်ပုံရိုက်ဖို့ ဘယ်လောက်အထိပြင်ဆင်မှုတွေပြုလုပ်ပါသလဲ။ အဆင့်ဆင့်တိုင်းကို ပြင်ဆင်မှုပြုလုပ်သလား။ ဒါမှမဟုတ် သဘာဝအတိုင်း ဖြစ်ပေါ်သလိုကြုံလာတဲ့အတိုင်းရိုက်ပါသလား။

ကိုယ်ရိုက်မယ့်အခင်းအကျင်းတစ်ခုကို ရှိလျက်သားအတိုင်း မိမိသက်ရောက်မှု မရှိအောင်ရိုက်ပါတယ်။ ဓါတ်ပုံမရိုက်တဲ့အချိန်တွေမှာ ကိုယ်လိုချင်တဲ့ပုံစံမျိုးကို visualize လုပ်ကြည့်တဲ့အခါတွေရှိတယ်။ တကယ်တမ်း ရိုက်တဲ့အခါကိုယ့်ကို စိတ်လှုပ်ရှားမှုပေးစေတဲ့ပုံစံမျိုးပဲ ရိုက်ဖြစ်တယ်။ အဲဒါက ကိုယ်visualize လုပ်ထား မျှော်လင့်ထားတာနဲ့ မတူတာဖြစ်နိုင်ပါတယ်။

image

Photo Courtesy of Sai Htin Linn Htet

 

၆) ဘယ်လိုနေရာမျိုးက ခင်ဗျားကို ဓါတ်ပုံရိုက်ချင်အောင် ဆွဲဆောင်မှုရှိသလဲ။

မျက်မြင်တစ်ယောက်အနေနဲ့ မတူညီတဲ့ လူမှုဘဝပုံစံတွေကို သိလိုစိတ်နဲ့ ဓါတ်ပုံရိုက်ဖြစ်ပါတယ်။ အဲဒါကြောင့် နေရာတိုင်းက ကျွန်တော့်အတွက်အလားအလားရှိနိုင်ပါတယ်။ မှန်တွေ၊ နီယွန်မီးရောင်တွေ၊ Moody ဖြစ်စေတဲ့အခင်းအကျင်းတွေ တွေ့ရင် ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်စောင့်ကြည့်တတ်ပါတယ်။

image

Photo Courtesy of Sai Htin Linn Htet

 

၇) ကျေးဇူးပြုပြီး ခင်ဗျားသုံးတဲ့ technique လေးတွေ process လုပ်ပုံလေးတွေ သဘောတရားလောက်ပြောပြလို့ရမလားခင်ဗျ။ 

ကျွန်တော် ဓါတ်ပုံရိုက်တဲ့ techniqueက သဘောဆောင်သလိုပြောင်းလေ့ရှိတယ်။ ကန့်သတ်မထားပါဘူး။ စိတ်ဝင်စားဖို့ကောင်းတဲ့ subject ဆိုရင် သူ့နောက်ကလိုက်ပြီး ဘာဆက်ဖြစ်မလဲ စောင့်ကြည့်တဲ့အခါလည်းရှိတယ်။ အလားအလာရှိတဲ့နေရာမှာ ကိုယ့်ဆန္ဒရှိတဲ့အနေအထား ဖြစ်လာတဲ့အထိ စောင့်တာတွေလည်းရှိတယ်။ Invisible Witness အနေနဲ့ မိမိလိုလားတဲ့ အခင်းအကျင်းကို သိုသိုသိပ်သိပ်ချဉ်းကပ်လေ့ရှိတယ်။ ရလာတဲ့ပုံတွေကို အချိန်ယူပြီး သုံးသပ်တယ်။ အချိန်တစ်ခုကြာတဲ့အလျှောက် ပုံတွေက တကယ်အဆင်ပြေတာလား၊ ကိုယ်က အဆင်ပြေစေချင်တာလားဆိုတာ ပေါ်လာပါတယ်။ ဒစ်ဂျစ်တယ်နဲ့ရိုက်ပြီး အနည်းအကျဉ်း postprocessing လုပ်ပါတယ်။

image

Photo Courtesy of Sai Htin Linn Htet

 

၈) အခု ဒီမှာဖတ်နေတဲ့သူတွေအတွက် သူတို့ပုံလေးတွေ အကောင်းဆုံးအနေအထားရောက်အောင် အကြံဉာဏ်လေးပေးနိုင်မလားခင်ဗျ။ 

ဓါတ်ပုံထွက်ရိုုက်ပြီးတဲ့အချိန်တိုင်း မိမိပုံကိုု ရိုုးသားစွာ သုံးသပ်ဖို့လိုပါတယ်။ ဘယ်ဟာတွေက အဆင်ပြေသွားလဲ၊ နောက်တစ်ခါ ပိုကောင်းအောင် ဘာလုပ်နိုင်သလဲ စသည်ဖြင့်။ အရင် အတွေ့အကြုံကသင်ခန်းစာတွေက နောက်တစ်ခါ ဓါတ်ပုံရိုက်ဖို့အတွက်အသုံးဝင်ပါတယ်။ 

Street Photography က တစ်ခါတစ်လေ မြင်းရိုင်းလိုမျိုးပါပဲ…  လိုက်လေပြေးလေ… 

ကျွန်တော့်အတွက်က ဓါတ်ပုံရိုက်တယ်ဆိုတာ တရားထိုင်သလိုပါပဲ.. ပုံကောင်းရကိုရရမယ် ဆိုတဲ့ အတင်းအကြပ် ဆုပ်ကိုင်ထားတာကို ဖြေလျှော့လိုက်ပြီး ပုံရရ မရရ ရှိနေတဲ့ moment တိုင်း ကို enjoyလုပ်ဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။

image

Photo Courtesy of Sai Htin Linn Htet

 

၉) ခင်ဗျားဘဝမှာ ဓါတ်ပုံမရိုက်ဖြစ်တဲ့အချိန်တွေမှာ ဘာတွေလုပ်ဖြစ်လဲဆိုတာ ပြောပြလို့ရမလား။ 

ဒီနှစ်အစကတည်းက ကျွန်တော် ဓါတ်ပုံုအကြောင်းပဲ အမြဲစဉ်းစားဖြစ်ပါတယ်။ စာ၊ကဗျာ၊သီချင်း စသည်ဖြင့် ကိုယ်သဘောကျတဲ့အပိုင်း ကြားနေ ဖတ်နေ ရရင်လဲ visualize လုပ်ကြည့်တယ်။ ကိုယ့် Personal Projectတွေနဲ့ ပတ်သက်ရင် ဓါတ်ပုံတွေဆီကထက် တခြားMedium ဆီကနေ inspiration ယူကြည့်တယ်။

image

 

Photo Courtesy of Sai Htin Linn Htet

 

၁၀) ခင်ဗျားအနာဂတ်အတွက် ဘာတွေစီစဉ်ထားတာရှိလဲ။ ဘယ်လိုပရောဂျက်မျိုးတွေ လုပ်ချင်လဲ။ 

The Others ကိုဆက်ရိုက်ရင်းနဲ့ Personal Project အသစ်တစ်ခုုလုပ်နေပါတယ်… Peace building နဲ့သက်ဆိုင်တဲ့ ကျွန်တော့်Project တစ်ခုုကိုလဲ မကြာခင် Social Changeနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ ဓါတ်ပုံဆရာမတွေနဲ့အတူ exhibit လုပ်ဖိုု့ကြိုးစားနေတယ်။ အလားတူ Projectတွေပဲ ဆက်လုပ်မှာပါ။ လတ်တလောတော့ နေ့တိုင်းဓါတ်ပုံထွက်ရိုက်နေပါတယ်။

image

 

 

Miami Street Photography Festival, 2017 Finalist Photo/ Photo Courtesy of Sai Htin Linn Htet

စိတ်ထဲပြောချင်တာလေးများရှိရင်

မြန်မာပြည်မှာ ဓါတ်ပုံနဲ့ပါတ်သတ်ရင် ကျွန်တော်တိုု့ လုုပ်စရာတွေအများကြီးရှိသေးတယ်။ တစ်ယောက်ထဲလည်းလုပ်လို့မရဘူး။ အားလုံးဝိုင်းစုပြီးအတူလုပ်မယ်။ အချင်းချင်းမျှဝေမယ်။ ဒါဆိုုရင် ရေရှည်အတွက် အဆင်ပြေမှာပါ။ မြန်မာပြည်မှာလည်း ဓါတ်ပုံနဲ့ ပါတ်သတ်ပြီး အရာအားလုံးကိုစနစ်တကျလေ့လာရခက်တော့ မိတ်ဆွေတွေ ဆရာတွေ အတွေ့အကြုံရှိတဲ့သူတွေကနေ မျှဝေအကြံပြုကြတာနဲ့ သိလာတာပါ။ Featured Collectives ကနေ လေ့လာရတာတွေလဲ အများကြီးပါပဲ။ အခုုထိလေ့လာနေဆဲပါပဲ။ ဆက်ပြီးတော့လည်း ကျွန်တော်တို့ အပြန်အလှန်သင်ယူရင်းနဲ့ ကြိုးစားကြရင် အခြားနိုင်ငံတွေနဲ့ ယှဉ်နိုင်မှာပါ။ ပြောချင်တာကတော့ ဒီလောက်ပါပဲ။ မေးခွန်းတွေမေးတဲ့ Featured Collectives ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။


စိုင်းထင်လင်းထက်ရဲ့ အခုနောက်ဆုံးလုပ်ထားတဲ့ Photo Essay ကို ဒီအောက်ကလင့်မှာ တွေ့နိုင်ပါတယ်။
Photo Essay: Vibrant Night

သူ့ရဲ့တခြားလက်ရာတွေကြည့်ချင်ရင်တော့ အောက်ကလင့်မှာကြည့်နိုင်ပါတယ်။
Sai Htin Linn Htet on Featured Collectives

Posted by

Modern platform for artists who want to share/ promote their photography artworks. We mainly focus on Street and Fine Art Photography. You can share your artworks on our website's submission page.