အလွဲများနဲ့ Street

comment 0
Articles

Street Photography အကြောင်းပြောကြတဲ့အခါ အဓိကပြဿနာက ကျွန်တော်တို့ တုတ်ထမ်းဓါးထမ်းပြောရဖို့များတယ်လို့ဆိုရမယ်။ Street Photography က တခြားဓါတ်ပုံအမျိုးအစားတွေလို ရိုးရှင်းမနေဘူး။ သူက စာပေနဲ့ယှဉ်ပြောရင် ကဗျာအနုပညာနဲ့ဆင်မယ်လို့ထင်တယ်။ တိတိပပဖော်ပြဖို့အဆင်မပြေဘူး။ သူ့ဆီကထွက်လာနိုင်တဲ့ Possibility Outcome တွေက အရမ်းများနေတယ်။ ဥပမာ – ကောင်မလေးတစ်ယောက်ကို ပို့စ်ပေးခိုင်းပြီးရိုက်မယ်ဆိုလို့ရှိရင် အဲ့ဒီ့ထွက်လာတဲ့ပုံကို ကောင်းတာမကောင်းတာအပထား ဟာ မင်းဟာ Portrait ရိုက်တာမဟုတ်ဘူးလို့ ငြင်းဖို့မဖြစ်နိုင်ပေမယ့်၊ လမ်းမှာ စျေးထိုင်ရောင်းနေတဲ့ အဖိုးကြီးဖြစ်ဖြစ် အဒေါ်ကြီးဖြစ်ဖြစ်ကို ရိုက်လာပြီး Street Photography လို့ပြောဖို့တော့ နည်းနည်းလေးအခက်အခဲရှိမယ်ထင်ပါတယ်။ အဲ့ဒီ့ကိစ္စကိုပဲ ငြင်းကြခုံကြရန်ဖြစ်ကြက ဒီနေ့အထိရှိနေတုန်းပဲ။ ဒါပေမယ့်လည်း ဟိုတလောက Petapixel ကထင်တယ် ပို့စ်တစ်ခုတွေ့လို့ သမန်ကာလျှံကာဖတ်လိုက်ပြီး အဲ့ဒီ့ထဲက သူပြောတဲ့အချက်တစ်ချို့ကို စိတ်ထဲဆွဲနေမိတယ်။ အဲ့ဒီ့အကြောင်းတွေ ကိုယ်ကလည်းပြောချင်နေတာ ကြာပြီ။ စီကာပတ်ကုံးရေးရမှာ ပျင်းနေတာနဲ့ပဲ မရေးဖြစ်ဘူး။

ကဲ ဟုတ်ပါပြီ၊ ဒါဆို Street Photography ဆိုတာ ဘာတုန်းလို့ မေးလာခဲ့ရင် ကျမ်းကြီးကျမ်းငယ်ကိုးကားပြီးရှင်းနေတာမျိုးထက် အနုပညာတစ်ခုကို အနုပညာတစ်ခုလို ခံစားတာကိုပဲ ကျွန်တော်တော့ ပိုသဘောကျတယ်။ ပထမဦးဆုံး အရေးကြီးဆုံးနဲ့ ပြဿနာအတက်ဆုံးကိစ္စဆိုပါစို့ –

Street Photography ဆိုတာ လမ်းပေါ်မှာပဲရိုက်မှဖြစ်မှာလား

တကယ်လို့ Street Photography ဆိုတာ လမ်းပေါ်မှာပဲ ရိုက်ရမယ်ဆိုပါစို့။ စျေးထဲမှာ ရိုက်ခဲ့တဲ့ပုံဆို ကျွန်တော်တို့ Market Photography လို့ခေါ်မှာလား၊ ဒါမှမဟုတ် ကမ်းစပ်မှာဆိုရင်ရော Beach Photography လို့ပြောမလား၊ တောင်ပေါ်မှာ ရိုက်ခဲ့မယ်ဆိုရင်တော့ Mountain Photography တွေ ဘာတွေဖြစ်ကုန်တော့မယ်။

Singapore. 2016 © Chit Min Maung

မှန်ပါတယ်၊ ဒါ ဘယ်သူ့ပြဿနာမှမဟုတ်ပါဘူး။ သူ့ရဲ့နာမည်ကိုက ပြဿနာဖြစ်နေတာပဲ။ Street Photography ဆိုတဲ့နာမည်နေရာမှာ တခြားနာမည်တစ်ခုခုဖြစ်ခဲ့တယ်ဆိုရင် ဒီလောက်ပြဿနာရှိမယ်မထင်ဘူး။ သမိုင်းမှာပြန်ကြည့်ရင် Garry Winogrand ဆိုတာ Street Photography ဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့သူ။ မုန်းတယ်လို့တောင် ပြောလို့ရမယ်။ Street Photography ဆိုတဲ့အသုံးအနှုန်းဟာ ဓါတ်ပုံရိုက်တဲ့သူနဲ့ သူ့ရဲ့ဓါတ်ပုံအနုပညာအပေါ် ဘယ်လိုမှ ကိုယ်စားပြုမပေးနိုင်ဘူးဖြစ်နေတယ်။

Shwedagon Pagoda, Yangon, Myanmar. 2016 © Chit Min Maung

ကဲ ဒါဆို Street Photography ဆိုတာ ဘာလဲဆိုပြီး အတင်းကပ်သပ်မေးလာရင်တော့ တစ်ခွန်းပဲ ဖြေစရာရှိပါတယ်။ စိတ်လျှော့ညီလေး၊ Street Photography ဆိုတာ ဘဝမှာ နိစ္စဓူဝကြုံတွေ့ဖြစ်ပျက်နေရတာတွေ၊ လူမှုပတ်ဝန်းကျင်ကအဖြစ်အပျက်တွေကို မှတ်တမ်းတင်ခြင်းပဲကွလို့ ပြောရမှာပဲ။ (Documentary သမားတွေနဲ့ ဓါတ်ပုံသတင်းထောက်သမားတွေကနေ နောင်မှာ ရိုက်နည်းရိုက်ဟန်နဲ့ အကြောင်းအရာပေါ်ချဉ်းကပ်ပုံပေါ်မူတည်ပြီး Street Photography ရယ်လို့ဖြစ်လာဟန်ရှိတယ်လို့ယူဆရပြီး ဒါက အချက်အလက်သက်သေပြချက်ရယ်မရှိပဲ စာရေးတဲ့သူရဲ့ မှန်းဆစိတ်ကူးမှုသက်သက်သာဖြစ်တယ်လို့တင်ကူးဝန်ခံပါရစေ။)

ဒီလောက်နဲ့တော့ မဟုတ်သေးဘူး၊ နောက်တစ်ဆင့်တက်ချင်သေးတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုပြန်လည်ရှာဖွေခြင်းပဲ။ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေပြီး တွေ့ရှိလာတဲ့အတွင်းသားကို လှစ်ဟပြခြင်းပဲလို့ ကျွန်တော်တော့သတ်မှတ်ထားပါတယ်။

London, UK. 2015 © Chit Min Maung

Street Photography မှာ လမ်းဘေးတွေ၊ ပလက်ဖောင်းတွေကို မေ့ပစ်လိုက်ပါတော့။ ဓါတ်ပုံအနုပညာတစ်ရပ်အနေဲ့ ပိုပြီးအတွင်းသားကျတဲ့အရာတွေကို ကျွန်တော်တို့ရှာဖွေကြပါစို့။

Street Photography ရိုက်ရတာ လွယ်လွန်းတယ်

အားတဲ့အချိန်တွေ အွန်လိုင်းမှာ ဓါတ်ပုံတွေလိုက်ကြည့်၊ ဓါတ်ပုံအကြောင်းရေးထားတာတွေ လိုက်ဖတ်ရင်း ဖတ်မိတာလေးတစ်ခုကို မှတ်မိနေတာလေးတစ်ခုရှိတယ်။

“နာရီပိုင်းလောက် အချိန်ပေးပြီးလေ့လာရုံပဲ၊ ဆရာကြီးဖြစ်ဖို့တော့ တစ်သက်လုံးသွားမှရမယ်။”

အဲ့ဒီ့လိုမျိုးဆန်ဆန်လေး အသေးစိတ်တော့မမှတ်မိတော့ဘူး။ ထားပါတော့ ဆိုလိုချင်တာက အဲ့ဒီ့စာသားလောက်လောက် Street Photography နဲ့ လိုက်ဖက်တာ မရှိတော့ဘူးရယ်လို့ဆိုရမယ်။

Windows Lumia 1020 ဖြင့်ရိုက်သည်။ Jurong East, Singapore. 2014 © Chit Min Maung

Street Photography မှာ Lighting ပစ္စည်းတွေ၊ Lens အကောင်းစားတွေ၊ Camera အကောင်းစားတွေရှိမှရယ်လို့မဟုတ်ဘူး။ နောက်ဆုံး ကမ်မရာမရှိရင်တောင် မိုဘိုင်းဖုန်းကမ်မရာနဲ့ရိုက်လဲ အေးဆေးပဲ။ ကမ်မရာဘယ်လိုကိုင်ရလဲ နည်းနည်းပါးပါးလေ့လာပြီး ရိုက်ရုံပဲ။ ပုံကောင်းတာမကောင်းတာတော့ တစ်ပိုင်းပေါ့။

Chinatown, Singapore. 2012 © Chit Min Maung

Street Photography ကို ပထမဆုံးစရိုက်ကြတဲ့အခါ လူအများကြားထဲ သူတစ်စိမ်းတွေကြားထဲရိုက်ရတာဖြစ်တဲ့အတွက် အနည်းနဲ့အများတော့ လက်တွန့်ကြတယ်ပြောရမယ်။ အဲ့ဒီ့တော့ ပြဿနာမဖြစ်နိုင်တဲ့ လမ်းဘေးထိုင်နေတဲ့အဖိုးကြီးတွေတို့၊ ဆော့နေတဲ့ကလေးတွေတို့၊ သူတောင်းစားတွေတို့ရိုက်ကြတယ်။ ပြဿနာက အဲ့သလိုမျိုးလေးငါးဆယ်ခါလောက်ရိုက်ပြီးရင် ကိုယ့်ကိုယ်ကို Street Photographer ဖြစ်ပြီဆိုပြီး ဆက်မလေ့လာကြတော့ပဲ အဲ့နားမှာရပ်သွားကြတော့တာပဲ။ အဲ့ဒီ့မှာ နောက်လေ့လာတဲ့သူက Street Photography ဆိုတာ ဒါမျိုးပဲဆိုပြီး အဖိုးကြီးနဲ့ သူတောင်းစားနဲ့ ရိုက်တဲ့အဆင့်မှာပဲ တဝဲလည်လည်ဖြစ်ကုန်ကြပြီး Street Photography ဆိုရင် နောက်ဖေးလမ်းကြားမှာ ရိုက်ရတယ်ထင်တဲ့လူတွေ ဒုနဲ့ဒေးဖြစ်လာကြတော့တာပဲ။

ဒီနေရာမှာ အချင်းချင်း “သူ မသာ၊ ကိုယ် အသုဘ” ကို ကိုးကားနေတာထက်၊ တကယ်အဆင့်အတန်းရှိတဲ့ နိုင်ငံတကာ ဓါတ်ပုံပညာရှင်တွေကို လေ့လာကိုးကားတာသည်သာ အကောင်းဆုံးပဲလို့ဆိုရမယ်။ ဥပမာ Cartier Bresson ရဲ့ Decisive Moment တွေ၊ Portrait ပိုအားသန်တယ်ဆိုပါစို့ Bruce Gilden ရဲ့ ဖလက်ရှ်အကြမ်းစားကြီးတွေ၊ Elliot Erwitt ရဲ့ သူမတူတဲ့ စံလွှဲဖော်ပြဟန်တွေ အများကြီးပါ။ ခုခေတ်က အင်တာနက်အသုံးပြုရတာလည်း တခေတ်တခါကလို ခက်ခက်ခဲခဲတွေ မဟုတ်တော့ဘူးဆိုတာ အားလုံးက အလွယ်တကူရှာဖွေလေ့လာလို့ အဆင်ပြေနေပါပြီ။

Street Photography ဆိုတာ နီးနီးကပ်ကပ်ရိုက်မှဖြစ်မှာလား

Sungei Road, Singapore. 2013 © Chit Min Maung

“If your photos aren’t good enough, then you’re not close enough” ဆိုပြီး Robert Capa ရဲ့စကားကို စံပြုကြရင်းနဲ့ နီးနီးကပ်ကပ်ရိုက်လေ ပုံကောင်းရလေပဲဆိုပြီး တွယ်ကြပုံပဲ။ အဲ့ဒီ့မှာ ပြဿနာက ဘာဖြစ်လာလဲဆိုတော့ တကယ့် Composition ကောင်းကောင်းသုံးဖို့၊ အလင်းအမှောင်တွေ ကစားပြဖို့၊ ပုံမှာ Leading Lines တွေ ဘယ်လိုထည့်မလဲ၊ ပုံထဲမှာ လူတွေ အရာဝတ္ထုတွေ တိရစ္ဆာန်တွေ ဘယ်လိုစံလွှဲဖော်ပြမလဲဆိုတာတွေထက် ဘယ်လောက်နီးနိုင်သမျှနီးမလဲဆိုတာကို ပိုပြီးအားစိုက်ထုတ်လာကြတယ်။

အပေါ်မှာပြောခဲ့သလို စရိုက်တုန်းကသာ လူကြောက်တာ၊ ရိုက်ပါများလို့အကြောက်အရွံ့လျော့လာတဲ့အချိန်ကျ ဓါတ်ပုံနဲ့မျက်နှာနဲ့အပြည့်ပုံတွေချည်းဖြစ်လာရော။ မှန်ပါတယ်၊ ကိုယ့် Subject ကို ပဝေသဏီကမမှီမကန်းလှမ်းရိုက်နေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် နီးနိုင်သမျှနီးတာတစ်ခုနဲ့တင် Street Photography ပုံကောင်းတစ်ပုံဖြစ်မလာနိုင်ပါဘူး။ တကယ်လို့ အဲ့ပုံမှာ စိတ်ခံစားမှုတွေ၊ Composition တွေ၊ ဒါမှမဟုတ် စံလွှဲဖော်ပြမှုတွေ မပါရှိပဲ မျက်နှာအနီးကပ်သက်သက်ချည်းရိုက်ထားတယ်ဆိုပါစို့ မျက်နှာClose-up ရိုက်ထားတဲ့ပုံတစ်ပုံထက် ဘာမှပိုမထူးလာနိုင်ပါဘူး။

London, UK. 2015 © Chit Min Maung

ဒီနေရာမှာ Robert Capa ပြောခဲ့တဲ့ “If your photos aren’t good enough, then you’re not close enough” ဆိုတဲ့စကားကို လူကြီးအတင်းတိုးကပ်ပြီးရိုက်ရုံတင်မဟုတ်ပဲ၊ ခင်ဗျားဓါတ်ပုံက အပြင်အဖြစ်အပျက်နဲ့ တကယ်ကို နီးကပ်တာမျိုး၊ ဒါမှမဟုတ်လဲ ခင်ဗျားကိုယ်တိုင်ကပါ အဖြစ်အပျက်ပေါ်မှာ တစ်ခါတည်းစီးမျောပြီး ခင်ဗျားဓါတ်ပုံကြည့်လိုက်တာနဲ့ အဲ့ဒီ့အဖြစ်အပျက်ဆီတန်းရောက်သွားသလို နီးကပ်နေတာမျိုးကော ဆိုပြီး တွေးကြည့်ကြပါစို့။

နိဂုံး

Admiralty, Singapore. 2016 © Chit Min Maung

အချုပ်အားဖြင့်ဆိုရသော်ပေါ့ဗျာ… အဖြူအမည်းကြီးပဲ ဖြစ်ရမယ်၊ အို အဖြူအမဲခေတ်မဟုတ်တော့လို့ ကမ်မရာတွေတောင် ကာလာနဲ့ပေါ်နေတာ အဖြူအမည်းမဖြစ်ရဘူး၊ ဟာ နွိုက်စ်တွေနဲ့မှ ကြိုက်တာ၊ ဟာ APS-C sensor ဘာလုပ်ဖို့လဲ မလိုပဲ အဖြူအမည်းပြောင်းတာ နွိုက်စ်တွေထည့်တာ အရူးထတာပဲ။ ငြင်းချင်တဲ့သူတွေ ငြင်းကြပါစေ။ အငြင်းသန်တဲ့သူတွေ ငြင်းတာနဲ့ အချိန်ကုန်ပြီး ဓါတ်ပုံရိုက်နေတဲ့သူတွေ ဓါတ်ပုံရိုက်တာနဲ့ပဲ အချိန်ကုန်ပါလိမ့်မယ်။ ဘယ်လိုပုံစံမျိုးပဲ ရွေးချယ်ရွေးချယ်ပါ၊ ကိုယ့်ကိုယ်ကို အရိုးသားဆုံးနဲ့ ကိုယ်ကြိုက်တာကိုသာ ရွေးချယ်ပါ။ ဘယ်လိုဖြစ်မှ ဘယ်လိုပုံစံရိုက်မှဆိုတာတွေက အရေးမကြီးပါဘူး။ စကားတွေများပြီး အလုပ်မဖြစ်တာထက် ကိုင်မရာလေးကိုင်ပြီး ဓါတ်ပုံထွက်ရိုက်ဖြစ်ဖို့က ပိုအရေးကြီးတယ်မလား။

Raffles Place, Singapore. 2015 © Chit Min Maung

ခုလို တကူးတကလာဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ကြောင်းနဲ့ ဓါတ်ပုံအပေါ်မှာဖြစ်ဖြစ်၊ ရေးထားတဲ့စာအပေါ်မှာဖြစ်ဖြစ် တစ်ခုခုပြောချင်တာရှိရင် လက်မတွန့်ပဲ အောက်မှာ ရေးသွားနိုင်ပါကြောင်း။

 © Chit Min Maung
 http://www.chitminmaung.com/
Posted by

Chit Min Maung, originally from Myanmar, has been in Singapore since 2009 lately. After finishing university, Chit eventually made his way into software house and work as many different positions such as the programmer, system analyst, Team Leader, Project Manager, etc. Following his passions, in 2011 he bought his own very first camera and shoot various types of photography styles. Since then, he enjoyed shooting street photography, fine art black and white and beyond. Chit didn't shoot photos for the living. He shoots for passions.

Leave a Reply